ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Wednesday, February 9, 2011

အညတရကောင်ရဲ့  တမ်းချင်း


နေ့ နေ့ ၊ ညည
ရှူရှိုက်နေတဲ့
အောက်ဆီဂျင်ထဲမှာ
အောက်ဆီဂျင်ကိုပဲ
ရွေးပြီးရှူလို့  မရသလိုမျိုး
ရက်ရာဇာနဲ့  ပြဿဒါး
ရွေးနေဖို့  မလိုတော့ ပါဘူးကွယ် ။

ကာဗွန်ဒိုင်အောက်ဆိုက်ကို
ထုတ်ချင်ခြင်းကြောင့်
အောက်ဆီဂျင် ခဏ ငှားရခြင်းဖြစ်၏
တစ်နေ့  ပြန်ပေးရလိမ့်အုံးမည် ။
ပြန်ပေးရပါအုံးမည် ။

သွားသည်ဖြစ်စေ လာသည်ဖြစ်စေ
မာယာလောက မာယာကွန်ယက်ထဲ
သားကောင် တောခြောက်ခံရခြင်းမျိုး
တစ်ခါတစ်ခါ မှီတွယ်ရာလည်း မဲ့တတ်သည် ။

ကြယ်တွေစုံလို့ 
အမှောင်တွင်း၌ လရောင်ခင်း၍
ငါ၏အရိုး ဆွေးမြေ့တဲ့ထိ
လျှောက်ချင်ခဲ့သည်............။

ဥယျာဉ်မှူး တစ်ယောက်
ပန်းပွင့်ကို ခူးယူဖို့ ထက်
ရေလောင်းပေါင်းသင် လုပ်နေခြင်းသည်
သူ၏ မွေးရာပါဗီဇ ဖြစ်လိမ့်မည် ။

တစ်ချို့ ပန်းခူးဖို့ သိကြသော်လည်း
ရေလောင်းဖို့ မသိကြသည်မဟုတ်
မေ့နေကြသည်လော...... ။

သုခတွေ ပြသယောင်ယောင်နဲ့ 
ဒုက္ခမြစ်ထဲမှာ ဗေဒါတွေ စီးမျောလို့ ....။

လောကဓံတရားသည်
မရေရာခြင်း သို့ မဟုတ်
ရေရာခြင်း မရှိပေ .......။

ပထမ သီအိုရီက မိခင်ဖြစ်၍
ဒုတိယ သီအိုရီက ကမ္ဘာမြေကြီးဖြစ်သည် ။
တတိယ သီအိုရီကို ငါရှာရအုံးမည် ......။

ရေရာခြင်းဖြစ်စေ မရေရာခြင်းဖြစ်စေ
ကျွန်ုပ်တို့ ရေရာခြင်းကို
လုပ်ဆောင်ရပေအုံးမည်....။

ဟိုအရေး ဒီအရေး.....
နိုင်ငံရေး .....
နိုင်ငံ့အရေး ကိုလုပ်ရပေအုံးမည်.....
နိုင်ငံ့အရေး.......နိုင်ငံရဲ့ အရေးဖြစ်သည် ။

အစိုးရသည်ဖြစ်စေ
အစိုးမရသည်ဖြစ်စေ
ကိုယ်နှင့်သာဆိုင်၏ ။ (သို့ သော်)
အားလုံးနှင့်လည်းဆိုင်၏ ။

အမျိုးမျိုးလှည့်ပတ်ကြည့် သော်လည်း
ကျွန်တော်တို့ ၏ လက်ချောင်းများက မညီ
(ထို့ ကြောင့်)လက်သီးဆုပ်၍ ကြည့်ခြင်းဖြင့်
ညီညာခြင်းကိုတွေ့ ရသည် ။

ကမ္ဘာကြီးငြိမ်းချမ်းပါစေ
အနှောင်အဖွဲ့ကင်း
လွတ်လပ်ခြင်းအပြည့်နဲ့ ပျံသန်း
တောင်တန်းတွေ ညီညာ
မြေပြန့် တွေ ညီညာ
ရောင်စုံပန်းတွေ ဖူးပွင့်ဝေ
ချစ်ခြင်းများစွာနဲ့
ဟောသည့်ကမ္ဘာကြီးကို
တည်ဆောက်......မယ် ။


ကျွန်ုပ်တို့ လက်တွေ သံမိုရိုက်
ရှေ့ ဆက်..........
ထိုကဲ့သို့ ..... ထိုကဲ့သို့ .....
တည်စေ ........... ညီစေ.........၏။


ငါတို့ ၏ရေကြည် တစ်စက်
အဆိပ်ခွက် မည်လျှင်
ထိုအဆိပ်အား ငါတို့ သောက်သုံး
ငါးရာ ငါးကမ္ဘာနောက်....နောက်
ဗုဒ္ဓ၏ တရား၌ ငါတို့ တည်စေ
ထိုကဲ့သို့ ပင် ကျိန်ဆိုလိုက်၏......။


တိမ်ပြာ
၁၉.၀၆.၂၀၁၀

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............