ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Monday, April 11, 2011

တစ်ခြမ်းပဲ့ "လ" နဲ့ ဒေလီယာ


အိုး...ဒေလီယာ
လက်ခုပ်ဆိုတာ တဖက်တည်း တီးလို့ 
မမြည်ဘူး မဟုတ်လား
စည်း ၀ါး မပါတဲ့ တေးသွားတွေက
အနာဂတ်တွေကို ခြောက်လှန့် နေသလို
အိပ်မက်တွေနဲ့ ပဲပြီးဆုံးနေခဲ့တယ်လေ ။

အိပ်မက်ဆိုတာ
အိတ်ကပ်ထဲထည့်ထားလို့ ကောင်းတဲ့အရာမှ မဟုတ်တာ
အနာဂတ်ကို လက်တွေပြဖို့ 
ဟော့ဒီခြေထောက်မှာ တွယ်ကပ်နေတဲ့
အမြစ်တွေကို မြေလှန်ပေးစမ်းပါလား ဒေလီယာ ။

ဟို့ .....ရှေ့မှာ
အပြာရောင်နေ့ ရက်တွေ သိပ်လှနေတယ်
အဲ့ဒီလိုပဲ မင်းအပြုံးပန်းတွေကလဲ
သိပ်လှနေတယ် ဒေလီယာ
မင်းရဲ့ အပြုံးပန်းပွင့်ဖို့ ဆိုရင် သောကမပါပဲ
ဟော့ဒီ ငါ့နှလုံးသားနဲ့  ရေလုပ်လောင်းရဲတယ်
အဲ့ဒီအတွက် မင်းရဲရဲကြီးပွင့်လိုက်စမ်းပါ ပွင့်ပြစ်လိုက်စမ်းပါ ။

အသက်ဝင်လာတဲ့မီးတောင်ဟောင်းရဲ့
ရှူရှိုက်နေတဲ့အသံက နေ ၀င် ၊ လ ထွက်
မြည်ဟည်းလာခဲ့တာ ဘယ်သူ့ ကြောင့်လဲဆိုတာ
မင်းသိကောင်းပါရဲ့ ။

တစ်ကယ်တော့ တို့ တွေ ထင်ထားသလောက်
ဘ၀ဟာ မရှည်လျားဘူး ဒေလီယာ
မိုးကုပ်စက်ဝိုင်းဟာ ကျယ်ပြန့် မလိုလိုနဲ့ 
တစ်ကယ်တော့ မျက်စိလေးတစ်ဆုံးပါပဲ ။

ဝေေ၀၀ါးဝါး တောင်တန်းတွေပေါ်က
မြူခိုးတွေကို နေရောင်ကျဲကျဲ ဖြန့် ကြဲချလိုက်သလို
ခဏလေးပါပဲ ခဏတာလေးပါပဲ
ဖြစ်လွယ် ပျက်လွယ်နေခဲ့တယ်လေ
ကိုယ့်စိတ်ကို ကိုယ်ပြန်မျိုမျိုချနေရတာ
ခွန်အားမဲ့လွန်းပါတယ် ဒေလီယာ ။

စက္ကန့် တံလေး ပြေးနေတာ
ငါတို့ တွေ မလိုက်နိုင်ကြဘူး မဟုတ်လား
ခြေရာတွေကို နောက်ပြန်ပြန်နင်းနေရင်
ဟန်ချက် မညီဘူးလေ ဒေလီယာ ။

ကြည့်စမ်းပါဦး
ဟို့ ......တောင်တန်းပေါ်က
ထင်းရှူးပင်တွေ တစ်ပင်နဲ့ တစ်ပင်
ရှက်ကိုးရှက်ကန်း ယိမ်းနွဲ့ လို့ 
လေညင်းလေးတွေနဲ့ ပျော်မြူးနေတာ
အားကျလိုက်တာ ဒေလီယာ ။

လျှံကျလာတဲ့ စကားလုံးတွေကို
ပင့်ကူအိမ်ထဲက ချည်နှောင်မှုက
လေထဲမှာပဲ
လွှင့်စဉ်သွားမလားလို့  ကိုယ့်ကိုယ်ကို
အားငယ်နေမိတာကလွဲလို့ 
အင်အားကြီးမားနေခဲ့တယ် ဒေလီယာ ။

ခြောက်ခြားနေတဲ့ အနာဂတ်က
ငါ့ကို ပြန်ပြန်ပြီးခြောက်လှန့် နေတယ် ။

အရိပ်တွေတိုင်းမှာ မင်းလို့ ထင်နေခဲ့တာ
တစ်ကယ်တော့ မင်းရဲ့ပုံရိပ်တွေက
ငါ့ကိုလွှမ်းမိုးနေခဲ့လို့ ပဲလေ ။

အပြုံးတစ်ဝက်နဲ့ 
မရဲတစ်ရဲ ပွင့်ပြီး အသက်ရှူကျက်စားရတာ
ခေတ်နောက်ကျနေသလို
ငါ့ဘ၀ မကျယ်ဝန်းသေးဘူး ဒေလီယာ ။

ဒါပေမဲ့
တိုင်းတာလို့ မရတဲ့ ချစ်ခြင်းတရားတွေက
ကျယ်ပြန့် နေခဲ့တယ်
ဘာကြောင့်လဲဆိုတာ
မင်းဖြေပေးပါ
ဖြေပေးပါ ဒေလီယာ ။







တိမ်ပြာ
၁၁.၀၄.၁၁














Friday, April 8, 2011

ကြယ်တစ်ပွင့်ရဲ့ စာမျက်နှာ







အပြိုင်းအရိုင်းထနေတဲ့ သစ်အိုပင်ရဲ့
ရာသီထဲကို
နှင်းပွင့်တွေ ပန်လာတော့...
ကန္တာရ လွင်ပြင်မှာ
စူးစူးဝါးဝါး ကြယ်တစ်စင်း ပွင့်တယ် ။

မဟူရာညနက်တွေထဲမှာ
ငှက်ဆိုးတွေရဲ့ ညည်းတွားသံနဲ့ အတူ
တွားသွားနေရတဲ့
ကောင်လေး တစ်ယောက်ရဲ့ရင်ထဲကို
ငွေမှုံတွေ တိတ်တဆိတ်
ဖြန့် ကြဲချလိုက်တော့
မနက်ဖြန်ရဲ့ ရောင်နီကို
ခိုးခိုးကြည့်နေ့ ခဲ့မိတယ် ။

အသည်းအသန် ငါလိုက်ရှာနေတဲ့
သစ္စာတရားနဲ့ ချစ်ခြင်းတွေက
မင်းဆီမှာရှိနေမယ်ဆိုတာကို
မနက်ဖြန်ရဲ့ ပြက္ခဒိန်တိုင်းမှာ
ငါရေးထိုးထားလိုက်ချင်ရဲ့ ။

ဆုတောင်းတိုင်းပြည့်မယ်ဆိုရင်
နောက်ဆုံးချိန်ထိ
တခမ်းတနား ဖြတ်ပြေးသွားတဲ့
ကြယ်တစ်ပွင့်ရဲ့ အလင်းတန်းလိုမျိုး
ရေဆုံး မြေဆုံး
ဟို့ ..... အဆုံးထိ

လျှောက်လှမ်းနေလိုက်မယ် ။

ငါ့မှာဘယ်သူမှ မသိမ်းပိုက်ရသေးတဲ့
နှလုံးသားတစ်ခုရှိတယ်
အဲ့ဒါကို မင်းသိမ်းပိုက်ပေးပါလို့ 
ခခယယပြောချင်တယ် ။

"ကံ"က ငါ့ကိုမယုံသလို
ငါကလဲ "ကံ" ကိုမယုံကြည်ပြန်ဘူး
ငါ့ကိုတော့ မင်းယုံကြည်မှု
ရှိနေစေချင်တယ် ။

ငါ့ရဲ့ သစ္စာတရားနဲ့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့တာလေ
ရိုးရိုးလေးပဲပြောမယ်
ဟို့ ...ကမ္ဘာဦးစကလိုပဲ ချစ်တယ်
ချစ်နေတယ် ။


ယောင်ယောင် မှားမှားနဲ့ 
ငါ့ အသွေးအသားထဲမှာ ရှိနေမယ်ဆိုရင်
အဲ့ဒီသွေးကို မင်းကိုယ်တိုင်ဖောက်ထုတ်လိုက်
ရော့..........ဒီမှာ ငါ့ရဲ့
သစ္စာတရား ။

မင်းအတွက်
ငါ့နှလုံးသားရဲ့ အငွေ့ပြန်မှုတွေက
ဘယ်တော့မှမခြောက်ခန်းဘူးဆိုတာပဲ ။

သွေးပျက်နေတဲ့ ငါ့ရဲ့စာမျက်နှာရဲ့
သွေးလွတ်ကြောနဲ့ သွေးပြန်ကြောတွေက
မင်းကြောင့်ရပ်တည်လာခဲ့တာ
ငါ့ကိုရူးတယ်လို့ ပြောချင်ပြောစမ်းပါစေ
ငါအဆုံးကုန်ထိ ရူးစမ်းပါရစေ ။

အရာရာတိုင်းဟာ မလှပနိုင်သလို
ငါ့ဘ၀ဟာလဲ
ပြောင်းပြန်တေးသွားတွေ ရှိနေလိမ့်ဦးမယ်
ပညတ်ချက်တွေရဲ့ လောကထဲမှာ
မင်းတစ်ယောက်ကလွဲလို့  ဘာကိုမှ
ငါ မမက်မောဘူး ။

မင်းရဲ့မွေးရာပါ အလှက သိပ်လှတယ်
မင်းရဲ့စိတ်လေး သိပ်လှတယ်
လှတယ်...လှတယ်...လှတယ်
အရာအားလုံးဟာ လှပနေတယ်
ငါ့ရဲ့ မသိစိတ်ကိုပါ
မင်းဖမ်းစားနိုင်အောင် လှတယ် ။

မင်းရဲ့ စာမျက်နှာနဲ့ ငါ့ရဲ့ စာမျက်နှာကို
လက်ထပ်ပေးချင်ခဲ့တာ
မဆုပ်မပြဲအောင် အဖုံးချုပ်
အဲ့ဒီထဲမှာတို့ နှစ်ယောက်ရဲ့
ချစ်သ၀ဏ်လွှာကို
ကမ္ဗည်းထိုးထားလိုက်ချင်ရဲ့ ။

ဟော့ဒီကမ္ဘာကြီးဟာ
ချစ်ခြင်းတရားတွေနဲ့ တည်ဆောက်နေခဲ့တာလေ
ငါ့ဘ၀ရဲ့ဖြတ်တည်မှုဟာလဲ
မင်းရဲ့ သိမ်မွေ့ နူးညံ့ခြင်းတွေနဲ့ ပဲ
ရိုးမြေကျနေလိုက်ချင်တယ် ။






တိမ်ပြာ
၀၇.၀၄.၁၁