ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Tuesday, February 1, 2011

ပြီးတစ်ဝက် မပြီးတစ်ဝက် နှလုံးသားကျောက်စာ



ကျွန်တော့် နှလုံးသားနံရံပေါ်မှာ
မညိုပြာရဲ့ အမည်နာမလေးကို ရေးထိုးထားတယ်
ရေးထိုးထားတဲ့ အက္ခရာတွေကို
အနီးကြည့် အဝေးကြည့်
မှန်ဘီလူးနဲ့ ကြည့်နေဖို့ လိုသေးလား မညိုပြာ...
ဟို့ ရှေးရှေးတုံးကလိုပဲ ချစ်ခဲ့တာပါ.....။


မညိုပြာရေ.....
အချစ်ဆိုတာ
ကျွန်တော့်အတွက်မှောက်မှားစေတတ်တဲ့
နတ်ဆိုးတစ်ကောင်လား
မှောက်ထားတဲ့ ၀ှက်ဖဲတစ်ချပ်က
ကျွန်တော့်ကိုခြောက်လှန့် နေတယ်
အချစ်ဆိုတာကြီးကို ဖန်တီးလုပ်ယူခဲ့တာမဟုတ်ပါဘူး
မညိုပြာရဲ့ ယဉ်ကျေးသိမ်မွေ့ မှုတွေက
ကျွန်တော့်ကိုဖမ်းစားနေခဲ့တာလေ.....


လူတစ်ယောက်
ဘယ်လောက်ထိချစ်နိုင်တယ်ဆိုတာ
မညိုပြာ မယုံဘူး
နေ့ ခင်းကြောင်တောင်ကြီး
မညိုပြာအကြောင်းတွေ
အိမ်မက်မက်နေတာရော ဘာပြောအုံးမလဲ
မညိုပြာ ဘာသာပြန်လို့ မရနိုင်လောက်အောင် မရှုပ်ထွေးလှပါဘူး။


မနက်ဖြန်တွေရဲ့ အိမ်မက်တိုင်းမှာ .....
မညိုပြာကို “ချစ်တယ်”ဆိုတဲ့ကဗျာလေးတွေ
ကျွန်တော်ရေးနေချင်သေးတယ်
အဲ့ဒီအချက်ကိုတော့ ခွင့်တောင်းဖို့ လိုသေးလား မညိုပြာ....


ပြက္ခဒိန်တွေ ဘယ်လိုပဲဟောင်းနွမ်းသွားပါစေ
ဟော့ဒီ ရင်ခွင်အိုထဲမှာ ပျိုးထားတဲ့ပန်းတစ်ခင်း အမြဲလန်းဆန်းနေတယ်
အဲ့ဒီ သစ်လွင်နေတဲ့ ပျိုးခင်းကို ဘယ်လိုလက်နက်မျိုးနဲ့ 
ပစ်ခတ်အုံးမှာလဲ မညိုပြာ...


ပစ်ခတ်လိုက်စမ်းပါ
ကျွန်တော့် ရင်ခွင်တစ်ခုလုံး စုတ်ပြတ်သတ်သွားအောင်
အစကနေ ကျွန်တော် ပြန်ပျိုးမယ်
ကျွန်တော့်အတွက် ကြီးကြီးကျယ်ကျယ်မလိုပါဘူး
မညိုပြာရဲ့ ဘ၀စာမျက်နှာမှာ “ချစ်တယ်”ဆိုတဲ့
စကားလုံးလေးကို ကမ္ပည်းထိုးယုံလေးပါ ။


ဒီမယ် မညိုပြာ
အတိတ်ဆိုတာမေ့ကောင်းတဲ့ အရာမဟုတ်ဘူး
အတိတ်ကို အတိတ်မှာထားခဲ့လို့ ပြောကြပေမဲ့
ပစ္စုပန်နဲ့ အနာဂတ်ဟာ
အတိတ်ကနေဖြတ်ကျော်လာခဲ့တာပါ...


ဒီလိုပါပဲ အောက်ဆီဂျင်ကိုရှုပြီး
ကာဒိုင်အောက်ဆိုက်တွေကိုပြန်ပြန်ထုပ်နေရတာ...
အဲဒီ ကာဗွန်ဒိုင်အောက်ဆိုက်တွေ မလိုတော့ဘူးလို့ 
မညိုပြာ ပြောအုံးမှာလား...
တစ်နေရာရာမှာတော့ အသုံးဝင်ကောင်ဝင်ပါလိမ့်မယ်.....။


ဖြတ်လျှောက်လာခဲ့တဲ့ အတိတ်တွေကိုလွယ်အိတ်ထဲထည့်
အနာဂတ်ကို မျှော်လင့်နေချင်သေးတယ်
ကျွန်တော့်အရိပ်လေးရှိနေသမျှကာလပတ်လုံးပေါ့
ခဲတံကနေ ဘောပင်ပြောင်းကိုင်လာကြပေမဲ့
အဲ့ဒီ ခဲတံလေးကိုပဲ ကျွန်တော်မြတ်နိုးတယ် တန်ဖိုးထားတယ်...


မညိုပြာ
ကျွန်တော့်ရဲ့  မြတ်နိုးမှုတွေကို အဲ့လိုကြီး မလှောင်ပါနဲ့ လား
ကျွန်တော် အကြောက်ဆုံးအရာဟာ အဲ့ဒီလှောင်ပြုံးပဲ
ဒီကဗျာကိုဖတ်နေတဲ့ အချိန်မညိုပြာရဲ့ လှောင်ပြုံးလေးကို
ကျွန်တော်မြင်ယောင်နေသေးတယ် မညိုပြာ....


တစ်ကယ်ပါ မြင်နေလျှက်နဲ့ လဲ ထိန်းမနိုင်သိမ်းမနိုင်
ထွက်ကျလာတဲ့ ရင်ဘတ်ထဲက စကားလုံးတွေကိုတော့
မတားဆီးပါနဲ့ လား...


ကျွန်တော့်ကို ယဉ်ယဉ်လေးနဲ့ ရူးတယ်ပဲဆိုချင်ဆို မညိုပြာ
ဟုတ်ပါတယ် ကျွန်တော်ရူးနေတာပါ
ဘာကြောင့်ရူးနေတယ်ဆိုတာကို ပြောပြဖို့ လိုသေးလား...


အတိတ်မေ့သွားခဲ့ရင်တောင် ကျွန်တော့် နှလုံးသားမှာထွင်းထားတဲ့ 
မညိုပြာရဲ့ အမည်နာမလေးကို ရွတ်ဆိုနေမိအုံးမှာ
အဲ့လိုလေးပဲ ကျွန်တော်ရူးသွပ်ခဲ့တာပါ....


မညိုပြာ......

..............မညိုပြာ......

...........................မညိုပြာ......
တိမ်ပြာ
၀၄.၀၁.၀၁၀

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............