ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Friday, April 8, 2011

ကြယ်တစ်ပွင့်ရဲ့ စာမျက်နှာ







အပြိုင်းအရိုင်းထနေတဲ့ သစ်အိုပင်ရဲ့
ရာသီထဲကို
နှင်းပွင့်တွေ ပန်လာတော့...
ကန္တာရ လွင်ပြင်မှာ
စူးစူးဝါးဝါး ကြယ်တစ်စင်း ပွင့်တယ် ။

မဟူရာညနက်တွေထဲမှာ
ငှက်ဆိုးတွေရဲ့ ညည်းတွားသံနဲ့ အတူ
တွားသွားနေရတဲ့
ကောင်လေး တစ်ယောက်ရဲ့ရင်ထဲကို
ငွေမှုံတွေ တိတ်တဆိတ်
ဖြန့် ကြဲချလိုက်တော့
မနက်ဖြန်ရဲ့ ရောင်နီကို
ခိုးခိုးကြည့်နေ့ ခဲ့မိတယ် ။

အသည်းအသန် ငါလိုက်ရှာနေတဲ့
သစ္စာတရားနဲ့ ချစ်ခြင်းတွေက
မင်းဆီမှာရှိနေမယ်ဆိုတာကို
မနက်ဖြန်ရဲ့ ပြက္ခဒိန်တိုင်းမှာ
ငါရေးထိုးထားလိုက်ချင်ရဲ့ ။

ဆုတောင်းတိုင်းပြည့်မယ်ဆိုရင်
နောက်ဆုံးချိန်ထိ
တခမ်းတနား ဖြတ်ပြေးသွားတဲ့
ကြယ်တစ်ပွင့်ရဲ့ အလင်းတန်းလိုမျိုး
ရေဆုံး မြေဆုံး
ဟို့ ..... အဆုံးထိ

လျှောက်လှမ်းနေလိုက်မယ် ။

ငါ့မှာဘယ်သူမှ မသိမ်းပိုက်ရသေးတဲ့
နှလုံးသားတစ်ခုရှိတယ်
အဲ့ဒါကို မင်းသိမ်းပိုက်ပေးပါလို့ 
ခခယယပြောချင်တယ် ။

"ကံ"က ငါ့ကိုမယုံသလို
ငါကလဲ "ကံ" ကိုမယုံကြည်ပြန်ဘူး
ငါ့ကိုတော့ မင်းယုံကြည်မှု
ရှိနေစေချင်တယ် ။

ငါ့ရဲ့ သစ္စာတရားနဲ့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့တာလေ
ရိုးရိုးလေးပဲပြောမယ်
ဟို့ ...ကမ္ဘာဦးစကလိုပဲ ချစ်တယ်
ချစ်နေတယ် ။


ယောင်ယောင် မှားမှားနဲ့ 
ငါ့ အသွေးအသားထဲမှာ ရှိနေမယ်ဆိုရင်
အဲ့ဒီသွေးကို မင်းကိုယ်တိုင်ဖောက်ထုတ်လိုက်
ရော့..........ဒီမှာ ငါ့ရဲ့
သစ္စာတရား ။

မင်းအတွက်
ငါ့နှလုံးသားရဲ့ အငွေ့ပြန်မှုတွေက
ဘယ်တော့မှမခြောက်ခန်းဘူးဆိုတာပဲ ။

သွေးပျက်နေတဲ့ ငါ့ရဲ့စာမျက်နှာရဲ့
သွေးလွတ်ကြောနဲ့ သွေးပြန်ကြောတွေက
မင်းကြောင့်ရပ်တည်လာခဲ့တာ
ငါ့ကိုရူးတယ်လို့ ပြောချင်ပြောစမ်းပါစေ
ငါအဆုံးကုန်ထိ ရူးစမ်းပါရစေ ။

အရာရာတိုင်းဟာ မလှပနိုင်သလို
ငါ့ဘ၀ဟာလဲ
ပြောင်းပြန်တေးသွားတွေ ရှိနေလိမ့်ဦးမယ်
ပညတ်ချက်တွေရဲ့ လောကထဲမှာ
မင်းတစ်ယောက်ကလွဲလို့  ဘာကိုမှ
ငါ မမက်မောဘူး ။

မင်းရဲ့မွေးရာပါ အလှက သိပ်လှတယ်
မင်းရဲ့စိတ်လေး သိပ်လှတယ်
လှတယ်...လှတယ်...လှတယ်
အရာအားလုံးဟာ လှပနေတယ်
ငါ့ရဲ့ မသိစိတ်ကိုပါ
မင်းဖမ်းစားနိုင်အောင် လှတယ် ။

မင်းရဲ့ စာမျက်နှာနဲ့ ငါ့ရဲ့ စာမျက်နှာကို
လက်ထပ်ပေးချင်ခဲ့တာ
မဆုပ်မပြဲအောင် အဖုံးချုပ်
အဲ့ဒီထဲမှာတို့ နှစ်ယောက်ရဲ့
ချစ်သ၀ဏ်လွှာကို
ကမ္ဗည်းထိုးထားလိုက်ချင်ရဲ့ ။

ဟော့ဒီကမ္ဘာကြီးဟာ
ချစ်ခြင်းတရားတွေနဲ့ တည်ဆောက်နေခဲ့တာလေ
ငါ့ဘ၀ရဲ့ဖြတ်တည်မှုဟာလဲ
မင်းရဲ့ သိမ်မွေ့ နူးညံ့ခြင်းတွေနဲ့ ပဲ
ရိုးမြေကျနေလိုက်ချင်တယ် ။






တိမ်ပြာ
၀၇.၀၄.၁၁

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............