ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Monday, January 31, 2011

အပြာရောင်တမ်းချင်း


အပြာရောင် တိမ်တိုက်တွေနဲ့ 
အပြိုင်ပြေးဆွဲနေတဲ့
ကြေးနီရောင်တိမ်တိုက်တစ်ခြမ်း

ကမ္ဘာတစ်ဖက်က
လေနီကြမ်းတွေက
တဟူးဟူးနဲ့ အော်နေခဲ့

လေနောက်ကိုလိုက်ရမှာလား
ကျောက်ဆစ်ရုပ်အဖြစ်ရပ်နေရမှာလား
နာရီလက်တံတွေကသာ ၀ါးမြိုခဲ့

အတွေးထဲမှာ
virus တစ်ကောင်ရောက်နေတယ်
အပြာရောင်ခြယ်မလို့ လုပ်လိုက်တိုင်း
တောင်ပတ်လမ်းကို
မြူခိုးတွေက ငုံ့ နမ်းနေခဲ့...

တိမ်အုပ်ဖွဲ့ နေရာယူပုံကို
အရုပ်တစ်ခုလိုအမြင်မှားခဲ့သူ
အာရုံလွဲမှားမှု့ နောက်ကွယ်မှာ
အရူးတစ်ယောက်...

ရေးမှတ်ခဲ့တာ
အပြာရောင်စာမျက်နှာ
ပေးဆပ်ချင်ခဲ့တာ
သဘာဝ သံစဉ်

ပြဇာတ်လိုမထင်နဲ့ 
ဘယ်တော့မှ မပြီးဆုံးဘူး...
လုပ်ဇာတ်လဲမဟုတ်ဘူး...
ရင်ထဲမှာသော့ခတ်ထားတယ်....

တစ်ခုခုကို လိုချင်လျှင်
တစ်ခုကိုပေးဆပ်ရမှာ
လောကရဲ့ နိယာမတရားလား....

ဟင့်အင်း...

နွေ၊မိုး၊ဆောင်းဒါဏ်ကိုခံနိုင်ဖို့ 
အရိပ်တစ်ခု ပေးဆပ်ချင်ခဲ့တဲ့ကောင်...

ရည်ရွယ်ခဲ့တာဆုံမှတ်တစ်ခု
ရှေ့ မှနောက်သို
ခွဲထွက်သွားတဲ့မျဉ်းတစ်ကြောင်းရဲ့ 
ဆုံမှတ်က ကမ္ဘာရဲ့ အလယ်ဗဟို....

သစ်အိုပင်ကတော့
မျှော်လင့်နေတယ်.....
ဝါရင့်ရင့်နေလုံးကြီးကတော့
လှောင်ရယ်ကာ
အိပ်တန်းတက်သွားပြီ....

နောက်ဆုံးတော့.....
ခွာသံတစ်ဖြောင်းဖြောင်းနဲ့ ....
ခေါင်းချိုးကျန်ရစ်ခဲ့ပေါ့...................။


တိမ်ပြာ
၂၃.၁၀.၀၉

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............