ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Monday, January 31, 2011

အမှိုက်ပုံ ကျွန်တော်





......ပစ်ထားခဲ့ချေပြီ.....

.........ပစ်ထားခဲ့လေပြီ.......

လျှောက်သွားလိုက်တာ ငမူးတဲ့

ခင်ဗျားလျှောက်ကြည့်လဲဒီလိုပဲ....

ထရံပေါ်နေရောင်ကျတော့ ဟိုတပေါက် ဒီတပေါက်

သက်တမ်းလွန် မြင်းရိုင်းတွေ တစ်ဟည်းဟည်းနဲ့ ပြေးနေဆဲ

သူတောင်းစားအင်္ကျီကအရှုံးပေးသွားတယ်

အပုပ်နံ့ တွေက လမ်းမပေါ် လျှံကျနေပြီ

နေရောင်က ရတစ်ချက် မရတစ်ချက်

ရတော့လဲ...

အစိမ်းရောင်တွေပဲပြပြနေတော့

အိမ်ရှေ့က...

“၀ုန်း”

“ဒိုင်း”

ကွဲရှသံများ...

ပုံလာပါတယ် တောင်ပုံရာပုံ

စပါးတော့မဟုတ်ဘူး

အမှိုက်ပုံကြီးဖြစ်နေပြီ

ပြတ်တစ်လှည့် ငတ်တစ်လှည့်နဲ့ 

ပျက်မှုက အကြီးအကျယ် ဖြစ်ပွားနေတော့

အဖိုးပြောခဲ့တဲ့စကားအတိုင်းဖြစ်နေပါပြီ.........။

ဟုတ်တယ် ဒါတစ်ကယ်အဖြစ်မှန်

တစ်ထွာစာလေးက ခပ်ခက်ခက်

သမုဒ္ဒရာကကျဉ်းတယ်

ရေတွင်းကနက်တယ်

...ဂျပိုးတွေကများ...

ကြုံရာပဲ “က” ရတာပေါ့

အမေပေးတဲ့ လယ်တစ်ကွက်လဲ

အပေါင်ဆိုင်ကို ခဏခဏရောက်ရောက်နေရလို့ ...

အရောင်နွမ်းနွမ်းလေးပဲရှိတော့တယ်

ဒီကြားထဲကြွက်က စားသေးဆိုပဲ

နှုတ်ခမ်းပေါ်လမ်းတက်မလျှောက်ချင်ပါဘူး

ဖြစ်ပျက်ရဲ့ သဘောပါ...

**********************************
ကျွန်တော်


နီယွန်မီးတိုင်တွေ အောက်မှာ

ညစ်ထေးထေး လမ်းဘေးကာရံတွေ

ရွတ်ရင်း...

ဖက်ကြမ်းတလိပ်ကို ခဲလို့ 

တေလေဂျပိုးလုပ်နေမိတဲ့

ကျွန်တော်....

" ဂ " ကွေးကွေးနေတဲ့ အတွေးတွေကို

ပင်လယ်ကြီးထဲ မျှောချလိုက်တယ်

ဘာရယ်တော့မဟုတ်ဘူး......

မှင်ပျက်နေတဲ့ ဘောပင်တချောင်းကို

တံတွေးစွတ်ပြီး ကဗျာတပုဒ်

ဖန်တီး....

အမေပေးတဲ့ လက်တစုံနဲ့ 

လောကကြီးကို ကျေးဇူးကန်းချင်နေတာ

" တံခါးပေါက် " မြင်တာတောင်

မ၀င်ဘဲ လက်ပိုက်ပြီး

ဟားတိုက်ခဲ့တာ

ခုတော့.....

ရေအိုင်ထဲက... ငါးစာဖြစ်နေပြီ

ဗျည်းအက္ခရာ

၃၃ လုံးမကျေဘဲ

လက်မှတ်တစောင်ရခဲ့တာ

ခုမှဘဲသိတော့တယ်

ဒါလား....

လောကကြီးရဲ့ 

"............."

" တချောက်ချောက် " နဲ့ 

လည်ပတ်နေတဲ့

ရွှေအိုရောင်နာရီဟောင်းထဲက စာမျက်နှာဟောင်းတွေ

တရွက်ပြီးတရွက်လှန်လှောဆဲ

ဘာရယ်တော့မဟုတ်ဘူး........

တာဝန်ကျေအောင်ပေါ့

အကောင်းနဲ့ အဆိုးကို

ပြောင်းပြန်ထင်ပြီးတော့

လောကကြီးကို ဆန်ကျင့်ဘက်အနေအထားနဲ့ 

ကျောပေးနေခဲ့တာ

ခုတော့....

" အမှိုက်ပုံ "

ထဲတောင် ပစ်ချလို့ မရတဲ့

အမှိုက်တစဖြစ်နေပါလား.......



တိမ်ပြာ ဇေယျာ

၁၈.၁၀.၂၀၀၉

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............