တိမ်လွှာမျဉ်းလေးတွေ
ကွေးကောက် နေခဲ့တဲ့လမ်းမှာ
မျှော်လင့်ချက်ကို
အိပ်ကပ်ထဲ ထည့်မယ် လုပ်တိုင်း
နေ့ က ညဖြစ်ဖြစ်သွားတယ်........။
ချည်ထုံးဖို့ ကြိုးစားလိုက်တိုင်း
နတ်သမီးက ဖြည်ချ
နှောင်ကြိုးတွေက
ကျွန်တော့်ပေါ် ရစ်နွယ်လို့ 
လောင်ပိတ်ထားတဲ့
မြေအောက်ခန်းလေးထဲ.......။
မပြောရက်တာလား
မပြောရဲတာလား
တုန်ရီနေတဲ့နှုတ်ခမ်းတွေက
ခွင့်မပြုဘူး.......။
မြင်လိုက်ရတဲ့ အမြင်က နှင်းတွေ ဝေခဲ့
ရထားဘီးက သံလမ်းကို မီးပွင့်အောင်
ပွတ်ကြိတ်နေတာ တကျွီကျွီနဲ့ 
ပဲ့တင်ရိုက်နေတယ်.......။
အပြန်လမ်းမှာ
ဒုန်းစိုင်းပြေးလာတဲ့
ဒုန်းစိုင်းပြေးလာတဲ့
လေနီကြမ်းတွေနဲ့ အတူ
ကောင်းကင်ကြီးက
ကောင်းကင်ကြီးက
ညို ၊ နက်ရောင် ၀တ်ထားတယ်
သစ်ပင်အိုကြီး ကတော့
သစ်ပင်အိုကြီး ကတော့
ဒယိမ်းဒယိုင်နဲ့ ..........။
ကျွန်တော်ဆိုတဲ့ အညတရကောင်က
ပင်လယ် ခရီးကို
လက်နဲ့ လှော်ခတ်နေတဲ့ကောင်
ဘာမှမက်မော စရာမရှိဘူး.....
နတ်သမီးဘက်က “မှန်”
ကျွန်တော့်ဘက်က ပြဒါး.....။
ရီ.....ဝေ....မှုန်ဝါးနေတဲ့
နှင်းစက်တွေက ကျွန်တော့်ကို ငုံ့ နမ်းနေခဲ့
တစ်ဆစ်ဆစ် ကိုက်ခဲနေတဲ့ ဒဏ်ရာက
ပင်လယ်ထဲ နစ်လိုက် မြုပ်လိုက်.......။
ပုံမှန်ရှူရှိုက်နေတဲ့ အောက်ဆီဂျင်က
ဘယ်ဘက်ရင်အုံကိုရိုက်ခတ်လို့ 
ကျွန်တော့်သွေးကို
ပြောင်းပြန်စီးဆင်းစေခဲ့တာ အမှန်
လည်ပတ်နေတဲ့
နာရီလက်တံ တစ်ချောင်းက
ငေးငိုင်နေခဲ့...........။
ဒီလိုနဲ့ ပဲ
နက္ခတ်မျှော်စင်က
လှမ်းကြည့်လိုက်တိုင်း
နတ်ဆိုးတွေ ဂြိုလ်စီးနေခဲ့.........။
ကျွန်တော် စီးနေတဲ့ဂြိုလ်ကလည်း
.......ဂြိုလ်မွဲ.....
နောက်ဆုံးတော့
ခပ်ကြောင်ကြောင်
ဘယ်ဘက် အိပ်ကပ်ထဲက
ထွက်ကျလာတဲ့
အပိုင်း အစတွေကတာ.....
ဖွာ
လွင့်
ပျံ့
ကျဲ
.............................................................။
တိမ်ပြာ
၀၉.၁၁.၀၉
No comments:
Post a Comment
လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............