ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Monday, January 31, 2011

ကျွန်တော်နဲ့ မညိုပြာ



.....မညိုပြာ....
ရှင်လျှက်နဲ့ သေနေတဲ့စိတ်တွေကို
ရေလောင်းပေါင်းသင်လုပ်ပေးတိုင်း
ဘောင်ရိုးပေါ်ကချော်ချော်ကျခဲ့တယ်.......။

အခါခါ ခြေချော်လဲကျ လွင့်ထွက်သွားတဲ့
ခွက်အလွတ်တွေ နံရံပေါ်မှာ ထင်ကျန်နေဆဲ
အပ်ကြောင်းထပ် ပုံရိပ်တွေကို လေထုထဲမှာ
သက်ရှိရုပ်ဝတ္ထုလို တွေ့ နေရတယ်..........။

အာရုဏ်မတက်ခင်မှာကတည်းက
ကျွန်တော့် အသိတွေကို စိုးမိုးနေတာ

ကျွန်တော့်ဘ၀ကို
ခေါင်းအုံးလိုသဘောထားထား
ဖိနပ်တစ်ရံလိုလည်း
သဘောထားချင်ရင်လဲ ထားနိုင်တယ်
ကြည်ဖြူတယ်
တစ်ကယ်လှိုက်လှဲစွာကြည်ဖြူတယ်
ဘ၀ကိုရင်းပြီး ခြေရင်းမှာ ပုံပေးထားတာ
ဘာတွေလိုအပ်အုံးမှာလဲ ....။

အသံ ၊ အရိပ် ၊ သဏ္ဌာန်မဲ့နေတဲ့
အချစ်ရဲ့ နိယာမကို
လိုက်ရှာနေတာ မဟုတ်ပါဘူး
ဟော့ဒီရင်ဘတ်ကြီးထဲကနေ
အလိုလိုဖြစ်ပေါ်လာတာပါ ....။

ကြယ်တွေနဲ့ ဆုံလို့ 
စကားပြောဖြစ်တဲ့ညက
မဆီမဆိုင် သတိရမိသေးတယ်
အလင်းဟာ တစ်စက္ကန့် မှာ
၁၈၆၀၀၀မိုင် သွားတယ်တဲ့
အလင်းနှစ်နဲ့ တွက်ကြည့်တဲ့အခါ
ကျဉ်းသွားတယ်
ကျွန်တော့် အဲ့လိုလေးပဲ ကြည့်နေတယ်
အဲ့လိုလေးပဲ ကျွန်တော် ချစ်ခဲ့ပါတယ်....။

မညိုပြာ ကတော့
ကျွန်တော်နဲ့ အဝေးဆုံးမှာ
ကျွန်တော် ကြည့်လိုက်တိုင်း
ဘယ်ဘက်ရင်အုံမှာ
အမြဲတမ်းရှိနေတယ်
ချစ်တာထက် မြတ်နိုးတယ်
မြတ်နိုးတာထက်
တန်ဖိုးထားတယ်.........မညိုပြာ

ညနေခင်းလေးတစ်ခုကို
အမြဲသတိရ နေတယ် .....မညိုပြာ
အဲ့ဒီညနေခင်းလေး သာယာလိုက်တာ
ဘယ်တော့များပြန်ရမှာလဲ
ရထားတွေခုတ်မောင်းနေတဲ့
ပင်လယ်ပြင်ကြီးကတော့
လှိုင်းတွေထနေခဲ့တယ်......။

မညိုပြာ သတိရရဲ့ လာ
သတိရသည်ဖြစ်စေ
သတိမရသည်ဖြစ်စေ
ကျွန်တော့် အာရုံထဲမှာ
အမြဲပျိုးထားတယ်....။

တူတူ သောက်ခဲ့ဘူးတဲ့
ပန်းသီးဖျော်ရည်လေးကို
ထပ်သောက်ချင်သေးတယ်
အဲ့ဒီသောက်ခဲ့တဲ့ ဖျော်ရည်လေးဟာ
အဆိပ်သင့်နေခဲ့တာလား
ကျွန်တော် ထပ်သောက်ချင်တယ်
မညိုပြာ ခွင့်ပြုမယ်ဆိုရင်ပေါ့........။

အဲ့ဒီနေ့ က ကောင်းကင်ကြီးဘာမှ
မ၀တ်ထားဘူး
နောက်နေ့ မထင်မှတ်ပဲ
မိုးတွေရွာတယ်
မိုးရည်တွေနဲ့ အတူ
လိုက်မျှောခဲ့ရတယ်
အလိုက်သိတဲ့ မိုးလားလို့ 
ကျွန်တော်ကျေးဇူးတင်နေမိ......။

အဲ့ဒီမိုးတွေက
နှာစေး ချောင်းဆိုးယုံကလွဲလို့ 
လောင်မြိုက်နေတဲ့
ဟို့ ........
ပင်လယ်အောက်က
မီးတောင်ကို မငြိမ်းနိုင်းဘူး.....။

...........ဒီနေ့ ထိ..........

ဒီ

နေ့ 

ထိ

မိုးတွေရွာနေတယ်.....

မညိုပြာ



တိမ်ပြာ
၃၀.၁၀.၀၉

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............