ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Monday, January 31, 2011

ဘ၀စာမျက်နှာ မှတ်တိုင်အမှတ် “သုည”


ဒီပွဲရဲ့ မှတ်တိုင်မှာ
“သုည” တစ်လုံးရေးမှတ်ထားတယ် ။

မစ ခင်
ခင်ဗျားအရေခွံကို အိမ်မှာချိတ်ခဲ့လိုက်
ကျွန်တော်“သုည”တစ်လုံးယူလာမယ် ။

မပြောခင်
ခင်ဗျားနဲ့ ကျွန်တော
ခဏ နေရာချင်း လဲထိုင်လိုက်ရအောင်
သဘောတူလား...?
.......................။

( မတူရင်အဲဒီနေရာမှာရပ်ခဲ့လိုက် )
တူရင်
ဆက်ဆွေးနွေးမယ်....
................................။

အရင်ဆုံး
ခင်ဗျားနဲ့ ကျွန်တော်
စကားစမြည်နည်းနည်းလောက်.....။

သုည (၀) ဆိုတဲ့ အက္ခရာကို
ဒေါင်လိုက်ဖျက်ချလိုက်
“င”ကို မြင်လား...
“၁”ကို မြင်လား...
ဘယ်ဟာအမြင်မှန်လဲ
မဆွေးနွေးခင်...
ဂဏန်းတစ်ကောင်လို အကြည့်မျိုးတော့
လိုအပ်လိမ့်မယ် ။

သုည တစ်လုံးကနေမွေးဖွားလာတာပဲ
အသက်ရှူတာချင်းတူပေမဲ့
ရှူပုံကွာခြားကောင်း ကွာခြားလိမ့်မယ်....
သေခြာတာကတော့
ခင်ဗျားနဲ့ ကျွန်တော်
အောက်ဆီဂျင်ကိုပဲရှူနေရတာပါ ။

သစ်ရွက်ဆီက
အောက်ဆီဂျင်ကိုယူပြီး
ခင်ဗျားဆီက
ကာဗွန်ဒိုင်အောက်ဆိုက်
ပြန်ပေးရတာ လွယ်မယ်ထင်တယ်
ဖြစ်နိုင်ရင်
ခင်ဗျား မလိုအပ်တဲ့ဟာကို
လွယ်အိပ်ထဲထည့်ထည့်မထားပါနဲ့ ...

ခင်ဗျားနဲ့ ကျွန်တော်
ပြိုင်ပြေးနေတာမဟုတ်ဘူး
အဲ့လို အပြေးမျိုးတွေဆို
ကျွန်တော်ကလည်း ခက်တယ်
တစ်ယောက်ထဲပြိုင်ခိုင်းရင်တောင်
ဒုတိယ ပန်းဝင်တဲ့ကောင်
ခဲလုံးကသာ ပထမ ၀င်သွားခဲ့တယ်...။

ကြက်ဖပဲတွန်တွန်
ကြက်မပဲတွန်တွန်
အသံမြည်ဖို့ အရေးကြီးတယ်လို
ကျွန်တော်ထင်တယ်....။

ဘာအယူကိုစွဲနေတာလဲ
ယူပြီးစွဲထားတာလား
စွဲပြီးယူထားလား
ကျွန်တော်မသိလို့ 
သိရင် တစ်ဆိတ်လောက်.....
................................................?

ကျွန်တော့်အထင်ပြောရရင်
ပညတ်ချက်တွေ
ခင်ဗျားမှာလဲမရှိဘူး
ကျွန်တော့်မှာလဲမရှိဘူး ။

ပထ၀ီလား
တေဇောလား
ဝါယောလား
အာပေါလား
ဘာဓာတ်လဲ
ဘာဓာတ်သဘာဝနဲ့ ဖွဲ့ စည်းထားတာလဲ......
............................................။

ဖောင်းတယ် ၊ ပိန်တယ်
ပိန်တယ် ၊ ဖောင်းတယ်
ဖြစ်တယ် ၊ ပျက်တယ်
ပျက်တယ် ၊ ဖြစ်တယ်
အရည်ပျော်တယ်
မီးခိုးဖြစ်တယ်
ဘယ်ဟာတည်မြဲခြင်းလဲ....။

“ဖို” ဓာတ်လား “မ”ဓာတ်လား
ဓာတ်ရိုက် ဓာတ်ဆင်လား
ဓါတ်ကိုရိုက်လိုက်လို့ ဓာတ်ဆင်ဖြစ်သွားနိုင်လား
ခင်ဗျားရိုက်လိုက်လို့ ရော.........
..................................................?

ကျေးဇူးပြုပြီး

ဆေးမဆိုးပါနဲ့ 

မီးထွန်းပြီးလာခဲ့ပါ

လာခြင်းကောင်းပါစေ....

ပြီးရင်ခင်ဗျားနဲ့ ကျွန်တော်
မှတ်တိုင်မှာပြန်ဆုံမယ် ။



တိမ်ပြာ
၀၁.၀၁.၁၀

ဝင်ရိုးစွန်းတစ်ဖက်ဆီမှ အိမ်မက်


မဖြစ်နိုင်တော့တဲ့
ကံကြမ္မာကြီးကို အသက်သွင်းနေတာတော့
မဟုတ်ပါဘူး ။

ပြန်ဆုံချင်သေးတယ်
ပြန်ဆုံကြအုံးမှာလို့ လဲမျှော်လင့်နေခဲ့တယ
အောင်ဆီဂျင်ရှူနေသမျှကာလပတ်လုံး
မျှော်လင့်နေချင်သေးတယ်....မညိုပြာ

အာရုဏ်မတက်ခင်မှာကတည်းက
ကျွန်တော့် အာရုံမှာကပ်ငြိ နေလာခဲ့တာ
မညိုပြာရဲ့ မျက်ဝန်းလေးတွေက
ကျွန်တော့်ကို ဖမ်းစားနေခဲ့တာလား
ကျွန်တော့်ရင်ထဲမှာ
အိုအေစစ်လေး ဖြစ်ထွန်းနေခဲ့တယ် ....။

မိတ်ကပ်တွေကိုမလိမ်းပဲ
သနပ်ခါး ပါးကွက်ကျားလေးနဲ့ 
အမြဲနေတတ်တဲ့ မညိုပြာရဲ့ဟန်မူရာလေးက
ကျွန်တော့်ကို
တနင်္လာဂြိုဟ်ထဲပို့ လိုက်လေသလား
သေခြာတာကတော့
ကျွန်တော့် သွေးကိုပြောင်းပြန် စီးဆင်စေခဲ့တယ် ...။

ကျွန်တော့်ဘ၀အတွက်
မျှော်လင့်ချက်က တစ်ဘ၀စာ မိုးချုပ်နေပေမဲ့
မိုးလင်းလင်းသွားတဲ့ အခါပေါင်းမနည်းတော့ဘူး
ကျွန်တော်ဆိုတဲ့ ကောင်ကလဲ ခက်တယ်
ကို့ အသက်ထက်...ချစ်တယ်ဆိုတဲ့
စကားလေးနှစ်လုံးကို တန်ဖိုးထားနေမိတာ ...။

အာရုဏ်ဦးမှာ ကြက်ဖကြီးတစ်ကောင်က
အမြင့်တစ်နေရာခုန်တက်...
အတောင်ပံနှစ်ဖက်ကို ရိုက်ခတ်ပြီး
ဘာအတားအဆီးမှမရှိပဲ အော်လိုက်သလို
ကျွန်တော် ဟစ်အော်လိုက်ချင်တယ်
မညိုပြာကို “ချစ်တယ်” ဆိုတာကိုပေါ့ ။

မညိုပြာယုံကြည်လာအောင်
ပြောတာတော့ မဟုတ်ဘူး
ရူးတယ်ပဲပြောပြော
မညိုပြာသွားတဲ့ လမ်းမှာ
ဖိနပ်လေးတစ်ဖက်ပြတ်ခဲ့ရင်တောင်
ကျွန်တော့်ဘ၀ကို နင်းယူသွားစမ်းပါ
အဲလိုလေးပဲကျွန်တော်ချစ်နေခဲ့တယ်
ချစ်နေအုံးမယ် .....။

တကယ်ပါ တကယ်ပါ
ကျွန်တော့် နှလုံးသားရဲ့  ဂီတသံစဉ်မှာ
မညိုပြာရဲ့ ပုံရိပ်လေးကို
ကမ္ဗည်းထိုးထားတယ်
နေ့ နေ့ ညညပေါ့......။

ညနေခင်းတွေရဲ့ လေပြေတွေနဲ့ အတူ
ဖားလေးတွေ အော်နေကြတယ်
မိုးကိုခေါ်နေတာတော့မဟုတ်ဘူး
မိုးပြေးလေးရွာသွားလို့ 
ပက်ကြားအက်ထဲကနေ
ပျော်လို့ အော်နေကြတာ ထင်ပါရဲ့ .....။

မဆီမဆိုင်ပါပဲ
ညနေခင်းလေးတွေရဲ့ 
နှင်းဆီရနံ့ တွေက
ကျွန်တော့်ကိုအိမ်မက်တွေပေးခဲ့တယ်
အဲဒီအိမ်မက်တွေကပဲ
ကျွန်တော့်ကို
ဖောက်လွဲ ဖောက်ပြန် ဖြစ်စေခဲ့တယ် ....။

ဖောက်လွတ်လိုက်တဲ့ စကားလုံးတွေက
လေထဲမှာပဲ ဖောက်ပြန်ပီး
မီးခိုးငွေ့ တွေဖြစ်သွားတော့မလားလို့ 
ကျွန်တော့်ကိုကျွန်တော်
ဒူးထောက်နေမိတယ် ....။

လောကကြီးနဲ့ ဘာမှမဆိုင်ပါဘူး
သူ့ ဘာသာသူနေတာ
ဆုံပေးတဲ့ ကံကြမ္မာကြောင့်
ကျွန်တော့် ဒိုင်ယာရီလေးထဲမှာ
မှတ်ကျောက်တည်နေခဲ့ပြီလေ .....။

“ချစ်တယ်” ဆိုတဲ့စကားလေးနှစ်လုံးကို
အကွက်ကျကျ ခင်းကျင်းထားတယ်...
ဝင်္ကပါထဲက ပင့်ကူ တစ်ကောင်လို
တ၀ဲလည်လည်...
အဲ့ဒီထဲမှပဲ ကျွန်တော့်နှလုံးသားကို
ဈာပနာချထားတယ် ။

အထက်ကောင်းကင်မှာ
ငလျှင်လှုပ်ပြီး ပြိုကွဲနေတဲ့ တိမ်တိုက်တွေက
အတားဆီးမဲ့နေခဲ့တာ မညိုပြာသိရဲ့ လား...။

ဘယ်လိုပဲ ဖြစ်နေ...ဖြစ်နေ...
ကျွန်တော့် ထွက်သက်နဲ့ ဝင်သက်တိုင်းမှာ


မ ညိုြ ပာ ရဲ့ 



မည်

နာ



လေးကို
ရွတ်ဆိုနေတယ်
ရွတ်ဆိုနေအုံးမယ် မညိုပြာ ။
တိမ်ပြာ
၃၀.၁၁.၀၉

ဘေးတိုက်ကန့်လန့်တွားသွားတတ်သောဂဏန်းတစ်ကောင်၏ဖြောင့်ချက်



မွေးကတည်းက တနင်္လာဂြိုဟ်ရဲ့ အလင်းအောက်မှာလား.....

အမှောင်ထုထုအောက်မှာလား ရေရေရာရာမသိလိုက်ဘူး....

တနင်္လာဂြိုဟ်ကိုစီးပြီးမွေးလာတာ မဟုတ်တာတော့သေခြာတယ်....

အမြင်မှာတော့.......

လင်းတစ်ခါမှောင်တစ်လည့်နဲ့ ......

ပြက္ခဒိန်တွေကိုဝါးစားနေခဲ့တယ်......

ဒါ...ကရကဋ်ရာသီဖွားရဲ့အမှားပဲလား......

မှန်တယ်လို့ လဲမဆိုလိုပါဘူး....

ရှေ့ တည့်တည့်မသွားတတ်တာတော့အမှန်ပဲ....

ကန့် လန့် ပဲတွားသွား ဘေးတိုက်ပဲတွားသွား....

အမြင်နှစ်ခုရှိတာတော့သေခြာတယ်....

တစ်ဘက်ထဲလည်းကြည့်လို့ မရဘူး....

မကြည့်ပဲနဲ့ လဲမြင်မြင်နေတော့ခတ်တယ်....

လက်မထောင်နေတဲ့ ဂဏန်းတစ်ကောင်ရဲ့ ....

စိုးမိုးနေတဲ့ တနင်္လာဂြိုဟ်ဓာတ်သဘာဝက....

အေးမြတဲ့ အလင်းကိုပေးခဲ့ပေမဲ့....

ဘာအလင်းကိုမှမဖမ်းဆုပ်မိလိုက်ပါဘူး....

တနင်္လာဂြိုဟ်ရဲ့ ထုပ်လုပ်လိုက်တဲ့ အလင်းတန်းဟာ...

အချိုးစားလွဲနေခဲ့တာလား....

ရိုက်လင်းတန်းနဲ့ ပြန်လင်းတန်းမညီမျှခဲ့ဘူး....

တန်ပြန်သက်ရောက်မှုက.....

၉၀ဒီဂရီဆိုရင်တော့.....

ပြန်လင်းတန်းနဲ့ ရိုက်လင်းတန်း...

တစ်ထပ်တည်းကြနိုင်တယ်....

ကရကဋ်ရာသီဖွားပေါ်ကြနေတဲ့အလင်းက...

၄၅ဒီဂီရီတိမ်းစောင်းနေခဲ့တယ်....

တိမ်းပြီးစောင်းသွားတာလား....

စောင်းပြီးတိမ်းသွားတာလား...

ရေရေရာရာ မသိလိုက်ဘူး...

သေခြာတာက...

ကရကဋ်ရာသီဖွားကရှေ့ ကိုမသွားတတ်လို့ ...

နောက်ကိုလဲမသွားတတ်ဘူး...


တိမ်ပြာ
၁၁.၁၂.၀၉

ဘယ်တစ်ရစ်ညာတစ်ရစ်ဆွဲထားတဲ့ ကြက်ခြေခတ်


ကျွန် တော် မ ရှိ လဲ


ခင် ဗျား မ ရှိ လဲ


ဘာ

မှ

ဖြစ်


ဘူး

လော က ကြီး က လဲ ဘာ မှ မ ဖြစ် ဘူး


သူ့  ဘာ သာ သူ နေ တာ


ကျွန် တော် ရော ခင် ဗျား ရော

သွား ရ မှာ က တစ် လမ်း တည်း ။



ခင် ဗျား

ဘာ

ဆက်

လုပ်


လဲ

ကျွန် တော် ရော


ဘာ

လုပ်

သင့်

လဲ

တိမ်ပြာ
၇ . ၁2. 200၉

မျှော်လင့်ချက်မဲ့


အချစ်နောက်ကိုလိုက်ရင်း
အသည်းနှလုံးကို ပေးဆပ်ခဲ့ရသည်။
ပျော်ရွှင်ခြင်း(သို့ မဟုတ်)
အလွမ်းတွေကို...ပိုင်ဆိုင်ခဲ့သည်။


ငွေကြေးနောက်လိုက်ရင်း
ခန္ဓာကိုယ်ကိုပေးဆပ်ခဲ့ရသည်။
ချမ်းသာခြင်း(သို့ မဟုတ်)
ဆင်းရဲခြင်းကို...ပိုင်ဆိုင်ခဲ့သည်။


မနေ့ကအိပ်မက်တွေက
ဒီနေ့အသက်ရှင်ဖို့ 
မျှော်လင့်ချက်တွေကို
ထုတ်လုပ်လိုက်တယ်....
ရေရာမှု (သို့ မဟုတ်)
မရေမရာမှုကို...ပိုင်ဆိုင်ခဲ့သည် ။


အဲဒီမျှော်လင့်ချက်တွေကိုပဲ
တွယ်တာခဲ့ပါသည် ။
ရင်ခုန်သံတွေရပ်တဲ့အထိလို့ မဆိုပေမဲ့
သူနဲ့ တွေ့ တိုင်း
ရင်ခုန်သံတွေကျယ်လောင်နေခဲ့တယ် ။


နောက်ဆုံး
ကျွန်တော် ဆိုင်တာက
ကျွန်တော့်ကို ကျွန်တော်
ပိုင်ဆိုင်တာက သူ
သူနဲ့ ကျွန်တော်
မတူခဲ့ဘူး ။


ကို့ ကိုယ်ကိုလွှင့်ပစ်ထားဖို့ တောင်မှ
ကို့ ကိုယ်ကို မပိုင်သလို
သူ့ ကိုလဲ ကျွန်တော်မပိုင်ခဲ့ဘူး ။


သူကလဲ
ကျွန်တော်နဲ့ ဘာမှမဆိုင်ခဲ့သလို
ကျွန်တော့်ကိုဘာမျှော်လင့်ချက်မှ
မပေးခဲ့ဘူး ။
တိမ်ပြာ
၀၄.၁၂.၀၉

ပြီးပါပြီ

ပြီးပါပြီ။

ပြီးသွားပါပြီ။

နောက်ထပ်မပြတော့ပါဘူး။

နေကြာစေ့တွေရောင်းတယ်...

ပေါက်ပေါက်ဆုပ်တွေရောင်းတယ်...

မိုးပျံပူဖောင်းတွေရောင်းတယ်...

အိမ်ပြန်လက်ဆောင်ဝယ်သွားလို့ ရတယ်...

ဈေးပေါပေါနဲ့ ပဲရောင်းပါတယ်...

ခုချိန်ထိ ကျွန်တော်ထိုင်ကြည့်နေတုံးပဲ

ဘေးနားမှာလူတွေလူတွေ

ရှေ့ တိုးနောက်ဆုတ်နဲ့ သွားလာနေကြတယ်..

ကျွန်တော့် မျက်လုံးကပဲလူတွေကိုရှောင်ကြည့်နေရတာလား

လူတွေကပဲသွားလာနေလို့ လား

ကျွန်တော် သတိမထားမိလိုက်ဘူး..

ကျွန်တော်ကြည့်နေတာက ယမင်းရုပ်လေး

ကျွန်တော်ကြည့်နေတာကိုလဲသူသိတယ်

သူရှိနေတာကိုလဲ ကျွန်တော်သိတယ်..

ကြည့်ရင်းမှာပဲ ယမင်းရုပ်လေးပါသွားပြီ

ပွဲကလည်းပြီးသွားပြီ

လူတွေအားလုံးလည်းပြန်သွားပြီ။

ယမင်းရုပ်လေးကို ကိုင်ထားတဲ့လူတစ်ယေက်

ကျွန်တော့် ဘေးနားမှာဘာမှမရှိဘူး

နေကြာစေ့လေးတွေဝယ်သွားကြတယ်...

ကျွန်တော့် ဘာမှမ၀ယ်လိုက်ဘူး

ပေါက်ပေါက်ဆုပ်တွေဝယ်သွားကြတယ်..

ကျွန်တော့် အိတ်ကပ်ထဲမှာဘာမှမရှိဘူး

မိုးပျံပူဖောင်းလေးတွေလွတ်ကြတယ်..

ကျွန်တော်ဘာမှ မဖမ်းလိုက်ဘူး

လူတွေအားလုံးပြန်သွားကြပြီ

ကျွန်တော့ဘေးနားမှာဘယ်သူမှမရှိတော့ဘူး

နောက်ဆုံး ကျွန်တော်လဲမရှိတော့ဘူး

အစကတည်းကပြောတာပဲ ပြီးပါပြီလို့ 

အရစ်ရှည်နေတာ...


တိမ်ပြာ
၀၂.၁၂.၀၉

တစ်ခန်းရပ်


ဘယ်နေရာက နေရမှာလဲ...
မင်းသားလား
လူကြမ်းလား
ကြာကူလီလား
အပို့ အကြိုလား


ဇာတ်ဆရာခိုင်းတဲ့တိုင်းလုပ်ကွာ...
........................................................
......................................................................
စမယ်
“၀မ်း”
“တူး”
“သရီး”
အက်ရှင်...


မောင် “နှင်း”ကိုချစ်ခဲ့တယ်
ဒါပေမဲ့ နှင်း ရယ်....
ဒါပေမဲ့နောက်က


ဆက်ပြီးနာမထောင်ချင်ဘူး မောင်
မောင့်ကိုလေဘယ်လိုမှမခွဲနိုင်ဘူး...


ဟာ......ဘယ်လို ဘယ်လို
လုပ်လိုက်တာလဲ
အလွမ်းခန်းမဟုတ်ဘူး
အကြမ်းခန်း အကြမ်းခန်း....။
ကဲ
၃၄ကိုသွားမယ်...


“မောင်”..

ပြောလေ “နှင်း”..

မောင့်ဘတ်ကပြတ်သားနေမှတော့
နှင်း ဘားမှမပြော...မပြော..


ဟာ.....ကွာ
ဘယ်လိုလုပ်လိုက်ပြန်ပြီလ
မဟုတ်သေးပါဘူးကွာ
အလွမ်းခန်း အလွမ်းခန်း
အကြမ်းခန်းမဟုတ်ဘူးကွ...
တော်ပြီကွာ...
“ကဒ်”
...ကဒ်..ကဒ်..
ဒီဇာတ်လမ်းဒီမှာတင် တစ်ခန်းရပ်မယ်။



တိမ်ပြာ
၀၁.၁၂.၀၉

နိုဝင်ဘာမလေးရဲ့ မွေးနေ့ လက်ဆောင်


နိုဝင်ဘာရက်တွေကို ပိုင်ဆိုင်ခဲ့တဲ့ နိုဝင်ဘာမလေးရေ...
ဒီနေ့ ဟာ မြတ်မိခင်ကြီး နတ်ဆိုးတွေရဲ့ ရန်ကနေ ရုံးကန်ရင်း...
အောင်မြင်စွာနဲ့ နိုဝင်ဘာမလေးကို
လောက အလင်းကိုပေးခဲ့တဲ့ နေ့ လေးပါ...


မြတ်မိခင်ကြီးဘယ်လောက်ပျော်နေတယ်ဆိုတာ
နိုဝင်ဘာမလေး သိရဲ့ လား...
သိသည်ဖြစ်စေ၊မသိသည်ဖြစ်စေ
သေခြာတာက မြတ်မိခင်ကြီးရင်ထဲမှာ
အတိုင်းမသိပျော်ရွှင်နေတယ်...
နိုဝင်ဘာမလေးလဲ ပျော်နိုင်ပါစေ...


အဲ့ဒီနေ့ က နိုဝင်ဘာမလေး ဖခင်ကြီးက
မထင်မှတ်ပဲ အထုပ်လေးကိုလှမ်းအကိုင်မှာ
နိုဝင်ဘာမလေးရဲ့ မျက်နှာဝိုင်းလေးက ဖမ်းစားလိုက်လို့ 
ပင်လယ်ပြင်တစ်ခုလုံး တုန်ခါသွားခဲ့တယ်..
ရင်ခွင်ထဲကထွက်လာတဲ့အသံလေးက
ဒုတ်ဒုတ်..ဒုတ်ဒုတ်..နဲ့ 
တယုတယထွေးပိုက်နေခဲ့တယ်လေ...


နိုဝင်ဘာမလေးရေ...ပျော်ရဲ့ လား...
ပျော်သည်ဖြစ်စေ၊မပျော်သည်ဖြစ်စေ
သေခြာတာကတော့
ဖခင်ကြီးရင်ထဲမှာ ကြည်နူးနေတယ်...
နိုဝင်ဘာမလေးလဲ ကြည်နူးနိုင်ပါစေ...


နိုဝင်ဘာမလေးရေ...
ဒီနေ့ ဘာတွေဆုတောင်းနေခဲ့လဲ
ဆုတောင်းသည်ဖြစ်စေ၊ဆုမတောင်းသည်ဖြစ်စေ
သေခြာတာကတော့ ခုလောက်ဆို
မြတ်ဘုရားရှေ့ မှာ နိုဝင်ဘာမလေးအတွက်
ဆုတွေတောင်းပေးနေကြတယ်...
အနှိုင်းမဲ့တဲ့ မိဘရဲ့ မေတ္တာကကြီးမားလိုက်တာ...
နိုဝင်ဘာမလေးလဲ ဆုတောင်းပေးနိုင်ပါစေ...


နိုဝင်ဘာမလေးရဲ့ 
စွန့် စားမှုတွေကြောင့်သူတို့ အားလုံး
စိတ်ပူနေကြတယ်...
နိုဝင်ဘာမလေး စိတ်ပူရဲ့ လား
စိတ်ပူသည်ဖြစ်စေ၊စိတ်မပူသည်ဖြစ်စေ
သေခြာတာက ခုလောက်ဆို
သူတို့ စိုးရိမ်နေကြတယ်...


ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်....
ယနေ့ မှစ အောင်မြင်မှုများနဲ့ အတူ
စိတ်ချမ်းသာကိုယ်ကျန်းမာလို့ လိုအင်ဆန္ဒပြည့်ဝပါစေ...
ဘဝလမ်းကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနိုင်ပါစေ...
ချစ်သူလေးနဲ့ အတူ မိဘ၊မိသားစု
ဆွေးမျိုးသားချင်းတွေကို ပြုစုစောင့်ရှောက်နိုင်ပါစေ...
ဘာသာ သာသနာအကျိုး သယ်ပိုးနိုင်ပါစေလို့
ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
နိုဝင်ဘာမလေးရေ....



H A P P Y
B I R T H D A Y
N W E S H I N
တိမ်ပြာ
၃၀.၁၁.၀၉

တယ်လီဖုန်းလေးရဲ့ ရင်ခုန်သံ(သိုမဟုတ်)ရင်ကွဲသံ


အာရုံမနက်ခင်းမှာ နေရောင်ပွင့်တို့ နဲ့ အတူ
နာရီလက်တံလေးက တချောက်ချောက်နဲ့ 
စောင့်မျှော်ခဲ့....

ခေါင်းရင်းထက်က ဥသြသံက
ကျွန်တော့်ကိုလှောင်ရယ်တယ်....
ဒီလိုချိန်......၀၉း၀၀AM.......Red heart.......
တူ..တူ.....တူ..တူ......တူ..တူ..........
............................................................
တူ..တူ........တူ..တူ........တူ..တူ.......................တူ
...........................................................................
ဝင်လာတဲ့လေလှိုင်းကြောင့်..
မိုးစက်တွေကို......မောင်းထုတ်လိုက်တယ်...နှလုံးသားတစ်စုံက
ကတုန်ကယင်အသံလေးနဲ့ .......

hello......

hello....

hello...

.....................

.................................

ပြီး

ကျွန်တော် အိုအေစစ်ထဲမှာ မေ့မြောသွားခဲ့တယ်
နောက်..
လှောင်ရယ်သံ..တစ်ချို့ ......။

အဝေးတကာ အဝေးဆုံးကို ပြေးထွက်မသွားပဲ
ကျွန်တော့်ကို ကောင်းကင်တစ်ချို့ 
သယ်ဆောင်သွားခဲ့တယ် ကန္တာရလွင်ပြင်ကြီးထဲသို့ ......။

ကျွန်တော်အကြိုက်ဆုံးအရာဟာ “အချို”
(သို့ သော်)
ကျွန်တော် အကြောက်ဆုံးအရာက “အခါး”မဟုတ်ဘူး
ညင်သာနုညံ့သော လှောင်ပြုံး....

အလှပဆုံး ပန်းတစ်ပွင့်ကို
ကြောက်လန့် တဲ့ကျားတစ်ကောင်ဟာ
လူလောက ကမ္ဘာမှာ တစ်ကယ်ရှိနေခဲ့တယ်....။

ဝေးခြင်းနဲ့  ဆန့် ကျင်ဘက်တွေကို
မြင်မက်နေတတ်တဲ့ မျက်ဝန်းမှာ
တစ်ခါတစ်ခါ ခါးခါးသွားတယ်
ခါးသည်ဖြစ်စေ ချိုသည်ဖြစ်စေ
ကျွန်တော် မက်မောနေမိတယ်.......။

ကျွန်တော့် ရင်အုံကို
ဗုံလုပ်တီးနေတဲ့ နတ်သမီးရဲ့ အရိပ်က
ကျွန်တော့် အိမ်မက်ထဲမှာ ရှိနေတယ်
အမြဲရှိနေတယ်
ရှိနေအုံးမယ်.......။

သိစိတ်နဲ့ မသိစိတ် ကြားထဲမှာ
တယ်လီဖုန်း တစ်လုံးရှိတယ်
မသိစိတ်က......ဂဏန်းလေးတွေအပေါ်
ကိန်းဝပ်နေပြီ.....။

သိစိတ်ကတော့.....အနီရောင် ခလုပ်ကိုနှိပ်ဖို့ 
သတိပေးနေခဲ့တယ်
သို့ သော် ပင်လယ်ပြင်ကြီးက
လေထုလှိုင်းလေး ဖြတ်သန်းဝင်ရောက်လာတဲ့
အသံလေးကို
လိုက်ဖမ်းနေမိတယ်
လိုက်ဖမ်းနေခဲ့တယ်......။

နောက်ဆုံး
ဥသြတွေတောင်လက်ထပ်သွားခဲ့ပြီ
မိုးစက်တို
ကျွန်တော့်အပေါ်ခုန်ဆင်းလာခဲ့တယ်
မိုးစက်တို့ 
ကလည်းထွက်ပြေးသွားခဲ့ပြီ
တစ်တောလုံးခြုံလွှမ်းလာခဲ့တယ်
နှင်းတွေ...နှင်းတွေ ခြုံလို့ လွှမ်းလို့ 
အဲ့ဒီ အအေးဓါတ်တွေက
ကျွန်တော့် နှလုံးသားကို
ပိုလို့ တုန်ခါစေ
နာကြင်စေခဲ့တယ်....။

ရာသီတွေလည်ပတ်
ဘယ်လိုပဲဖြစ်ဖြစ် မျှော်လင့်ချက်နဲ
နောက်ဆုံးချိန်ထိ
ကျွန်တော့် နာရီလက်တံတွေ
လည်ပတ်နေခဲ့တယ်
လည်ပတ်နေအုံးမယ်.....။



တိမ်ပြာ
၂၇.၁၁.၀၉

ကျွန်တော်နဲ့ အတွေး တစ်စ


ညနေခင်းတစ်ခုရဲ့ ... နှင်းဆီ ရနံ့ 

တစ်စတစ်စလျှံကျလာတဲ့...မီးတောင်

ပြန့် လွင့်နေတဲ့ ...စာရွက်တချို့ 

ဖမ်းဆုပ်ခဲ့ဖူးတဲ့... အိမ်မက်

တိုင်ကပ်နာရီကြီးရဲ့ လက်တံ မှားယွင်းမှု

ပင့်ကူအိမ်သို့ ပြေးဝင်သွားသော မုဆိုး

.......................................................................................................................

ကျွန်တော် ဒီစာကိုရေးပါသည်။
သူမကြောင့် ရေးခြင်းဖြစ်သည်။
သို့ သော် သူမဖတ်နိုင်အောင် ရည်ရွယ်ထားခြင်းမဟုတ်ပါ။
ကျွန်တော့်ဘာသာ ရေးခြင်းသာဖြစ်သည်။

ကျွန်တော့် အခန်းထဲမှာ စာရွက်တွေ မွစာကျဲစွာပြန့်လွင့်နေသည်။
သူမကြောင့် ပြန့်ကျဲနေခြင်းလော
သို့ သော် သူမအတွက် ရည်ရွယ်ပြီးပြန့်ကျဲထားခြင်းမဟုတ်ပါ။
ကျွန်တော့ဘာသာ ပြန့်ထားခြင်းလည်းဖြစ်နိုင်သည်။

ကျွန်တော် သူမကို ချစ်သည်။
သူမကြောင့် ချစ်ခြင်းဖြစ်သည်။
သို့ သော် သူမချစ်အောင် ရည်ရွယ်ထားခြင်းမဟုတ်ပါ။
ကျွန်တော့ဘာသာ ချစ်ခြင်းသာဖြစ်သည်။

ကျွန်တော် သူမကို မြတ်နိုးသည်။
သူမကြောင့် မြတ်နိုးခြင်းဖြစ်သည်။
သို့ သော် သူမမြတ်နိုးအောင် ရည်ရွယ်ခြင်းမဟုတ်ပါ။
ကျွန်တော့်ဘာသာ မြတ်နိုးခြင်းဖြစ်သည်။

ကျွန်တော် သူမနဲ့ အိမ်မက် မက်ဖူးပါသည်။
သူမကြောင့် မက်ခြင်းဖြစ်သည်။
သို့ သော် သူမ မက်အောင် ရည်ရွယ်ခြင်းမဟုတ်ပါ။
ကျွန်တော့်ဘာသာ ရူးသွပ်စွာမက်နေခြင်းဖြစ်သည်။

ကျွန်တော့် နာရီအို သံပတ် ရပ်တန့်သွားသည်။
သူမကြောင့် ရပ်တန့်သွားခြင်းလော
သူမ ရပ်တန့်အောင်ရည်ရွယ်ခြင်းမဟုတ်ပါ။
ကျွန်တော့ဘာသာ ရပ်တန့်သွားခြင်းဖြစ်သည်။

ကျွန်တော် သူမကို မျှော်လင့် နေသည်။
သူမကြောင့် မျှော်လင့်နေသည်။
သို့ သော် သူမမျှော်လင့်အောင် ရည်ရွယ်ခြင်းမဟုတ်ပါ။
ကျွန်တော့ဘာသာ မျှော်လင့်နေခြင်းဖြစ်သည်။

အရာအားလုံးဟာ သူမကြောင့် (သို့ မဟုတ်) ကျွန်တော့်ကြောင့်
ကျွန်တော့်ဘာသာကျွန်တော်မျှော်လင့်ခဲ့မိသည်
မျှော်လင့်ခဲ့မိပါသည်
မျှော်လင့်မိပါသည် ။

ပြန်ဆုံကြအုံးမှာပါလို့ ကျွန်တော် မျှော်လင့်ခဲ့တယ်........
စကားသံ ချိုချိုလေးနဲ့ အတူ............
သူမအလှသည် ညနေခင်း ဆည်းဆာရဲ့ အလှထက် တောက်ပနေခဲ့သည်။
ကျွန်တော့်ခန္ဓာကိုယ်ထဲမှာဟိုက်ဒရိုဂျင်တွေအရမ်းကိုများနေလို့
ကျွန်တော့်ကိုကျွန်တော် အောင်စီဂျင်ရှုဖို့ မေ့နေခဲ့တယ်......
တိတ်ဆိတ်ငြိမ်သက်နေပေမဲ့ ပင်လယ်ပြင်မှာလှိုင်းတွေ ဂယက်ရိုက်သံက အတိုင်းသား......
ကျွန်တော်ပျော်ခဲ့သည်။ပျော်ရွှင်ခဲ့ပါသည်။
ကျွန်တော့် ၀ိဥာဉ်တွေကို သူမ ဖမ်းစားခဲ့သည်။
ကျွန်တော်တိမ်လွှာတွေကို စီးနေလိုက်သည်။
သူမ ကျွန်တော့် အရိပ်အောက်မှာနေခဲ့ဘူးတယ်.......
(သို့ သော်) ကျွန်တော်စိုးမိုးခဲ့တာမဟုတ်ပါ.......အပူဒဏ်ကိုကာကွယ်ပေးခဲ့ခြင်းဖြစ်သည်။
အဲ့ဒီနေ့ လေးမှာ ကျွန်တော့် မနက်ဖြန် ဖြစ်လာခဲ့တယ်..........။
......................................................................................................................................


ကျွန်တော်မနက်ဖြန်ကို မျှော်လင့်တတ်ခဲ့တယ်

မနက်ဖြန်ဆိုတာမသေချာဘူးတဲ့

ဒီနေ့ လည်း ကျွန်တော့်အတွက် မရေရာခဲ့ဘူး

သေချာတာကတော့ ကျွန်တော်

သူမကို “ချစ်” ခဲ့သည်။

ချစ်ခဲ့ပါသည်။



တိမ်ပြာ
၂၁.၁၁.၀၉

မနက်ဖြန်တွေကို တစ်ကယ်လို့ သာ


မနက်ဖြန်


မနက်ဖြန်ဆိုတာ
ကျွန်တော့ရဲ့ မျှော်လင့်ချက်အဖြစ်
သက်မှတ် ထားတယ်.......။


စကြာဝဠာကြီးထဲမှာ
အမှုန်လေး နှစ်မှုန် ဆုံမိခြင်း
လေပြေရဲ့ သယ်ဆောင်မှု့ လား
မုန်တိုင်းရဲ့ သယ်ဆောင်မှု့ လား
ရေရေရာရာ မသိလိုက်ဘူး........။


......ဆုံမှတ်က.....
တောင်ပင်လယ်ကနေတက်လာတဲ့
ကြေးနီရောင်တိမ်တိုက်......
စကြာဝဠာ အလယ်မှာ ၀ဲနေတဲ့
ညို ပြာရောင် တိမ်တိုက်.....
ဇာတ်ဆရာရဲ့ သယ်ဆောင်မှု့ ကြောင့်ပေါင်းဆုံပြီး
ပေါက်ကွဲမှု့ တစ်ခုမှထွက်လာတဲ့ အသံက


“၀ုန်း”


“၀ုန်း” “၀ုန်း”


ပြီး


ဒေါင်လိုက်ပြတ်ကျလာတဲ့ “အလင်းတန်း” တစ်ခု
အဲ့ဒါကို ကျွန်တော် သတ်မှတ်လိုက်တယ်


”“အချစ်”“
.....သိမ်ချစ်ခဲ့တယ်.....


ရနံ့ တချို့ နဲ့ အတူ
ညနေခင်းလေးရဲ့ ဆည်းဆာမှာ
ခပ်မှိန်မှိန် မျှော်လင့်ချက်တွေနဲ့ 
လွင်ပြင်ထဲမှာ ရေးမှတ်လိုက်တဲ့ အက္ခရာက
“““““မနက်ဖြန်””””


အဲဒီ အက္ခရာတွေကပဲ
စိုက်ပျိုးခဲ့တာ
ချိုမြိန်ခဲ့ ၊ ခါးသက်ခဲ့
ရှင်သန်ခဲ့ ၊ သေဆုံးခဲ့


ဘယ်ဘက်ရင်အုံကို ငုံ့ ကြည့်လိုက်တိုင်း
ထွင်းထားတဲ့ အက္ခရာတွေကို “ခြ” စားနေခဲ့တယ်
တောင်ပို့ သာဖြစ်လာခဲ့
အဲဒီထဲမှာ အက္ခရာက
“အထင်သား”


နေ နဲ့ လ ကသာ စိန်ပြေးတမ်း ကစားနေခဲ့
ကျွန်တော် တစ်ယောက်ထဲ
လက်ပေါ်နဖူးတင်လိုက် နဖူးပေါ်လက်တင်လိုက်
လူ ကသာအိပ်နေတယ် စိတ်ကသူ့ ဆီမှာ
ကျွန်တော် မယုံလို့ မနက်ဖြန်ကြရင်
ကျွန်တော် ရေးထားတဲ့
မနက်ဖြန်ရှိသေးလားလို့ သွားကြည့်အုံးမယ်


မနက်ဖြန် ဆိုတာကတော့ရှိနေမှာပဲ
ဒါပေမဲ့ ကျွန်တော် မနက်ဖြန်ဆိုတာကို
မျှော်တတ်နေပြီ........။


တစ်ကယ်လို့ သာ


လမ်းခွဲရတော့မယ်

ဇာတ်သိမ်းကိုကြိုသိနေပေမဲ့

မနက်ဖြန်တွေကို

မျှော်လင့်လို့ရသလောက်ထက်

ပိုပြီးမျှော်လင့်နေချင်သေးတယ်....။

ရင်ခွင်ထဲက

ပြိုကျနေဆဲအမှောင်ထုတွေ

မနက်ဖြန်ဆိုတာ ငါတို့နဲ့မဆိုင်မှတော့

ဒီနေ့ဆိုတာလဲ

ငါမလိုချင်ပါဘူး ချစ်သူရယ် .....

ဟိုးအရင်က

မနက်စောစောအချိန်တွေကိုလွမ်းတယ်...

မှောင်ရီပျိုးတော့မဲ့ ညနေခင်းတွေကိုလွမ်းတယ်..

လရောင်တောက်နေတဲ့ ညခင်းတွေကိုလည်းလွမ်းတယ်...

တ ကယ် လို့ သာ . . .

အချိန်တွေကိုနောက်ပြန်လှည့်လို့ရရင်. . .

မနက်ဖြန်ဆိုတာတွေကို စိတ်တိုင်းကျဖန်တီးခွင့်ရခဲ့ရင်. . . . . . . . ။



တိမ်ပြာ& နွယ်ရှင်
၁၇.၁၁.၀၉

ကျွန်တော့် အလင်းထဲမှာ မိုးတွေရွာနေတယ် မညိုပြာ


..........မညိုပြာ..........
နှစ်ယောက် တအိမ်မက် မက်ဖို့ 
တေးသွားတစ်ပုဒ်ကို ဖန်တီးခဲ့တာမဟုတ်ပါဘူး
ရင်ထဲက အလိုလို ထွက်ကျလာခဲ့တာပါ......။


အဲ့ဒီ တေးသွားတွေက ခါးသက်နေခဲ့တယ်
ခါးသည်ဖြစ်စေ ချိုသည်ဖြစ်စေ
ကျွန်တော် မြတ်မြတ်နိုးနိုးနဲ့ ပဲ
ချစ်နေခဲ့တယ်......။


ဘယ်ဘက်ရင်အုံမှာ ထိုးထားတဲ့
ဆေးမှင်က ဒီနေ့ ထိ အနာမကျက်သေးဘူး
ချုပ်ရိုးတွေ အထပ်ထပ်နဲ့ 
ကို့ ကိုယ်ကို ပြန်ချုပ်နေရတယ်.....
မညိုပြာကတော့ သိမယ်မထင်ဘူး.......။


“ချစ်တယ်” ဆိုတဲ့ စကားလေးနှစ်လုံးကို
နုနုလှလှလေးတွေ မဖွင့်ဆိုတတ်ပေမဲ့
အဲ့ဒီ စကားလေး နှစ်လုံးကို
ကျွန်တော့် ဈာပနာ မီးလောင်တိုက်သွင်းပြီးရင်တောင်
အခိုးအငွေ့ အဖြစ်နဲ့  မညိုပြာရဲ့ ဘေးနားမှာရှိနေအုံးမှာပါ
အဲ့လိုလေးပဲကျွန်တော် ချစ်နေခဲ့တယ်။


ပြောရင်းဆိုရင်း
မညိုပြာ အပြုံးလေးကို မြင်ယောင်နေတယ
အဲ့ဒီအပြုံးလေးတွေက ပြုစားခဲ့တာလား
ကျွန်တော့ အမြင်နဲ့ အာရုံမှာစွဲကပ် နေတယ်
ကျွန်တော့်ကို ကျွန်တော် ပြန်မေးကြည့်တော့
အလိုက်ကမ်းဆိုးမသိတဲ့ မိုးတွေက ရွာလာတယ်.....။


အဲ့ဒီမိုးတွေက မိုးပြေးတော့မဟုတ်ဘူး
ရာသီလိုက်ရွာတဲ့ မိုးလည်းမဟုတ်ဘူး
ရင်ကွဲအင်္ကျီ ကနေလျှံကျလာတဲ့ မိုးရည်တွေပါ
ခုလည်းရွာနေတယ် မညိုပြာ....။


ဘယ်လိုပဲ ဖြစ်နေဖြစ်နေ
ကျွန်တော် “ချစ်တယ်”
မုသားမပါ လင်္ကာမချော ဆိုတဲ့
ဆောင်ပုဒ် ကိုလက်ကိုင်ထား တာမဟုတ်ပါဘူး


တစ်ကယ် တစ်ကယ်

ရိုး

ရိုး

လေးပဲ

ချစ်ခဲ့တာပါ......မညိုပြာ။



တိမ်ပြာ
၁၂.၁၁.၀၉

ကာရံ မညီတဲ့ လက်ခတ်


တိမ်လွှာမျဉ်းလေးတွေ
ကွေးကောက် နေခဲ့တဲ့လမ်းမှာ
မျှော်လင့်ချက်ကို
အိပ်ကပ်ထဲ ထည့်မယ် လုပ်တိုင်း
နေ့ က ညဖြစ်ဖြစ်သွားတယ်........။


ချည်ထုံးဖို့ ကြိုးစားလိုက်တိုင်း
နတ်သမီးက ဖြည်ချ
နှောင်ကြိုးတွေက
ကျွန်တော့်ပေါ် ရစ်နွယ်လို့ 
လောင်ပိတ်ထားတဲ့
မြေအောက်ခန်းလေးထဲ.......။


မပြောရက်တာလား
မပြောရဲတာလား
တုန်ရီနေတဲ့နှုတ်ခမ်းတွေက
ခွင့်မပြုဘူး.......။


မြင်လိုက်ရတဲ့ အမြင်က နှင်းတွေ ဝေခဲ့
ရထားဘီးက သံလမ်းကို မီးပွင့်အောင်
ပွတ်ကြိတ်နေတာ တကျွီကျွီနဲ့ 
ပဲ့တင်ရိုက်နေတယ်.......။


အပြန်လမ်းမှာ
ဒုန်းစိုင်းပြေးလာတဲ့
လေနီကြမ်းတွေနဲ့ အတူ
ကောင်းကင်ကြီးက
ညို ၊ နက်ရောင် ၀တ်ထားတယ်
သစ်ပင်အိုကြီး ကတော့
ဒယိမ်းဒယိုင်နဲ့ ..........။


ကျွန်တော်ဆိုတဲ့ အညတရကောင်က
ပင်လယ် ခရီးကို
လက်နဲ့ လှော်ခတ်နေတဲ့ကောင်
ဘာမှမက်မော စရာမရှိဘူး.....
နတ်သမီးဘက်က “မှန်”
ကျွန်တော့်ဘက်က ပြဒါး.....။


ရီ.....ဝေ....မှုန်ဝါးနေတဲ့
နှင်းစက်တွေက ကျွန်တော့်ကို ငုံ့ နမ်းနေခဲ့
တစ်ဆစ်ဆစ် ကိုက်ခဲနေတဲ့ ဒဏ်ရာက
ပင်လယ်ထဲ နစ်လိုက် မြုပ်လိုက်.......။


ပုံမှန်ရှူရှိုက်နေတဲ့ အောက်ဆီဂျင်က
ဘယ်ဘက်ရင်အုံကိုရိုက်ခတ်လို့ 
ကျွန်တော့်သွေးကို
ပြောင်းပြန်စီးဆင်းစေခဲ့တာ အမှန်
လည်ပတ်နေတဲ့
နာရီလက်တံ တစ်ချောင်းက
ငေးငိုင်နေခဲ့...........။


ဒီလိုနဲ့ ပဲ
နက္ခတ်မျှော်စင်က
လှမ်းကြည့်လိုက်တိုင်း
နတ်ဆိုးတွေ ဂြိုလ်စီးနေခဲ့.........။


ကျွန်တော် စီးနေတဲ့ဂြိုလ်ကလည်း
.......ဂြိုလ်မွဲ.....
နောက်ဆုံးတော့
ခပ်ကြောင်ကြောင်
ဘယ်ဘက် အိပ်ကပ်ထဲက
ထွက်ကျလာတဲ့
အပိုင်း အစတွေကတာ.....


ဖွာ

လွင့်

ပျံ့

ကျဲ

.............................................................။


တိမ်ပြာ
၀၉.၁၁.၀၉

သင်္ချိုင်းကို သချိင်္ုင်းက ခေါ်နေတယ်






.........“ငါ”........
ငါမဟုတ်ဘူး
ငါ့ကိုကိုယ် ငါမပိုင်......ဘူး
ငါ ပေးဆပ်နေတဲ့ကောင်.....
လောကကြီးကိုပေးဆပ်နေရတဲ့ကောင်....
မ...ပေး...ဆပ်...လို့ မရဘူး.....။


“အတု”
ဟုတ်တယ် ငါဟာ....အတု
အတုအရောင်တွေ........
အားလုံးအတု ခြုံလွှမ်းထားတာ
မခြုံလွှမ်းလို့ မရဘူး.....
လှမ်းနေတဲ့ခြေလှမ်း.....


“သင်္ချိုင်း”
ဟုတ်တယ် ငါဟာ သင်္ချိုင်
ငါ့ပင်လယ်ထဲမှာ
အကောင် မျိုးစုံ
အပင် မျိုးစုံ
နေ့ တိုင်း
သင်္ဂြိုလ်
နေရတယ်.........။


စက္ကန့် တံ တစ်ချက်...ချောက်....
သချိင်္ုင်းကို သချိင်္ုင်းကခေါ်နေတဲ့အသံ.....
တစ်ချက်ဝါးမြို .....နီးလာပြီ.......
နောက်တစ်ချက်ဝါးမြို .....ပိုနီးလာပြီ........


ဟိုးထား.... ခဏစောင့်ပါလား....
ဒီရေနဲ့ အချိန်က မစောင့်......
မင်းတောင်နေ့ တိုင်း သဂြိင်္ုလ်နေသေးတယ်
ငါလည်း ၀ဋ်တရားအရ သင်္ဂြိုလ်ရမှာပဲ.....


ဗျာ!!!!


ဘာမှ မပြင်ဆင်ရသေးဘူး.....
ဒါတော့ မင်းထိုက်နဲ့ မင်းကံပဲ


ဒါဆိုရင်တော့ နှစ်ခုလုံး ထပ်ပေးဆပ်လိုက်
တစ်ခုကိုတော့ ကမ္ဘာမြေကြီးကို ပြန်ထမ်းခိုင်းမယ်
နောက်တစ်ခုကိုတော့.....
တွေ့ လား.....ဟို့ ..........မှာ
ငရဲသားတွေ ကခုန်နေတယ်.....


ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်
မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်
ဒါလူတိုင်းသိတယ်
အာရုံ ငါပါးထဲမှာ နစ်မွန်းနေကြတာကို


မနက်ဖြန် ရုံးချိန်း....
မင်းအတွက် “အခု” အချိန်ရှိသေးတယ်....
မနက်ဖြန် တော့ငါလဲမသိဘူး....


.....မြတ်ဗုဒ္ဓက....
ဟောပြောတော်မူခဲ့ပြီ.....။


နောက်မှ ငါ့အဆိုး မဆိုနဲ့ ......
ဟုတ်ကဲ့
အရိပ်လောက်တော့မြင်လိုက်တယ်.....
သူခေါ်တယ် လာ....ပါ....လာ....ပါ......


ခေါ်နေတယ် ...... ခေါ်နေတယ်

ခေါ်

နေ

တယ်...........

ဘယ်

ကို

လဲ.................?





တိမ်ပြာ


၀၇.၁၁.၀၉

အိမ်မက်ထဲက နတ်သမီးပျို






မှုန်ဝါးဝါး ခြေလှမ်းတွေနဲ့ 
လျှောက်ခဲ့တဲ့ လမ်းမှာ
တ...ဒ...င်္ဂလေး မြင်လိုက်ရတဲ့ နတ်သမီးပျို
ရင်ထဲမှာဖြစ်ပျက်နေတာက
ထိမ်းမနိုင်သိမ်းမနိုင်.........


ကန္တာရ လွင်ပြင်ကြီးထဲကို
မိုးပြေးလေး ရွာသွန်းသွားခဲ့တယ်......
အဲ့ဒီ မိုးစက်ပွင့်လေးက
ငါ့ဘ၀ရဲ့ သခင်မလေး အဖြစ်
ထာ...၀...ရ...ရပ်တည်ထားလိုက်တယ်....


တစ်ကယ်ပါ
အိမ်မက်နတ်သမီးပျိုလေးအတွက်
ကြီးကြီးကျယ်ကျယ်ပြောတာမဟုတ်ပါဘူး
နှလုံးသား တစ်စုံလုံးပေးအပ် လိုက်တယ်
ဘယ်လို ပေတံ ဘယ်လို အလင်းနှစ်နဲ့ မှတိုင်းလို့ မမှီဘူး....


........အမှတ်တမဲ့ တွေ့ ခဲ့လို့ ......
..............အမှတ်တမဲ့ ချစ်ခဲ့............
................အမှတ်တရ ဖြစ်နေခဲ့တယ်..............
................၀ဲဘက်ရင်အုံမှာ တယုတယ သိမ်းထားလိုက်တယ်..............
လူတောထဲကလူတစ်ယောက်ပါ
ရိုးရိုးလေးပဲချစ်ခဲ့တယ်
ငါ့အိမ်မက်တွေကို
မီးလောင်တိုက် မသွင်းလိုက်ပါနဲ့ နော်
အလိုအလျောက်ချည်နှောင်ခဲ့တဲ့ကြိုးလေးပါ........


သံယောဇဉ်တွေ ရစ်နွယ်ခဲ့တဲ့ နှလုံးသားက
တခန်းရပ် ပြဇာတ် မဟုတ်ဘူး
ထာဝရ လက်တွဲချင်ခဲ့တဲ့ ကောင်ပါ.........


နူးညံ့တဲ့မင်းရဲ့ အပြုံးလေးတွေက
ငါ့ရဲ့ အသက် အိမ်မက်အပြုံးရှင်လေးပါ
တစ်ကယ်မြတ်နိုးခဲ့ရသူပါ...........
ဘယ်လိုမှ တုနှိုင်းမရတဲ့ နတ်သမီး


လင်းကြက်တွေတောင်တွန်နေပါ့လား
ကြယ်တွေလည်း အိပ်တန်းတက်သွားပြီ
လမင်းလေးကလဲတိမ်လွှာထဲ
အပြေးအလွှားပုန်းဝင်သွားခဲ့ပြီ
ငါကတော့တစ်ယောက်တည်း.......


လင်းကြက်ကို တရားစွဲလို့ ရရင်
အိမ်မက်ဖျက်သူအဖြစ်
ပုဒ်မ အသစ်တက်လိုက်ချင်တယ်
ခုတော့ငါ့ကိုလှောင်ရယ်နေကြပြီ......


ဘယ်လိုပဲဖြစ်ဖြစ်
ငါ့ကိုယ့်ဆက်မက်ခွင့်ပေးပါ
ခြောက်သွေ့ နေတဲ့ နှလုံးသားကို
ရှင်သန်ခွင့်ပေးပါ
အိမ်
မက်
နတ်

မီး
ပျို
လေး
ရယ်............။





တိမ်ပြာ



၀၅.၁၁.၀၉

လပြည့်ည လွမ်းချင်း



လမင်းကြီးကိုယ် တိုင်တည်ပြီးပြောရအုံးမှာပဲ....
......လမင်းနဲ့ ကြယ်စင် သက်သေပေါ့.....

အဲ့ဒီညလေးမှာ...
အေးမြတဲ့အလင်းရောင်နဲ့ အတူ
ငွေစန္ဒာလမင်းကြီးရဲ့ အောက်မှာ
........သူရယ်..ကိုယ်ရယ်…….
တိုင်တည်ခဲ့ဘူးတဲ့ လပြည့် ညလေး တစ်ည.......
.............................................................
....................................................................
......................................................................................။

ရွှေရောင်တောက်ပနေတဲ့ ရွှေစေတီလေးရဲ့ အောက်မှာ
ထာဝရ မခွဲ ပေါင်းဖက်ဖို့ .....
ကြင်နာ ၊ နွေးထွေးတဲ့ အပြုံးတွေနဲ့ .....
အပြန်အလှန် ကတိ သစ္စာပြုခဲ့..........
မီးရောင်စုံ ထွန်းညှိလို့ 
ပျော်မြူးခဲ့တဲ့ လပြည့် ညလေး

လမင်းရဲ့ အလင်းနဲ့ အတူ ရောင်စုံမီးလေးတွေရဲ့ 
အလှထက်
ချစ်သူ့ရဲ့အလှက
အနှိုင်းမဲ့ ညလေးတစ်ည.....။

အဲ့ဒီညက
ဂီတာလေးတီးပြီး သီချင်းတွေဆို
လမင်းကြီးက အားပေးလို
ကြယ်လေးတွေကပါ
သီချင်းလိုက်ဆိုနေကြသေးတယ်

ကြယ်သီချင်းနဲ့ လမင်းသံစဉ်
သူနဲ့ ကျွန်တော် ချစ်ခြင်းသံပြိုင်ခဲ့လို့ 
နတ်ဘုရားတွေ ကတဲ့ည.......။

မရေရာတဲ့လောကဓံကြောင့်
မထင်မှတ်တဲ့ မထင်မှတ်မှုတွေက
ဆုတောင်းမှားခဲ့တာလာ
ဆုတောင်မပြည့်ခဲ့တာလာ
ကံကြမ္မာကခွဲခဲ့တာလာ
ခွဲဖို့ ကံပါလာတာလာ
ကွဲကွဲပြာပြာ မသိလိုက်တဲ့ ရူးသွပ်မူတွေက
လမင်းနဲ့ ကြယ်စင်ကြားမှာ အရူးတစ်ပိုင်း.............။

ဒီလိုလပြည့်ညရောက်တိုင်း
ခုံတန်းလေးမှာ ကျွန်တော်အမြဲးရှိနေခဲ့တယ်
ရှိနေခဲ့သေးတယ်
လမင်းကြီးရယ် ကြယ်လေးတွေရယ်
ကျွန်တော်ရယ် ဂီတာလေးရယ်
စောင့်မျှော်နေခဲ့တယ်..........။

ဆိုနေကြသံစဉ်လေးကို
ကျွန်တော်တီးခတ်ကြည့်သေးတယ်
ဘယ်လိုမှ ဘယ်လိုမှ
ချိုမြိန်ဖွယ်မရှိဘူး......။

နှင်းစက်ပွင့်လေးတွေကလဲကြွေကျနေခဲ့ပြီ
ကြယ်လေးတွေက လင်းလိုက်မှိန်လိုက်နဲ့ 
သံစဉ်က နိမ့်လိုက် မြင့်လိုက်
ဆိုညည်းသံက တိုးလိုက် ကျယ်လိုက်
ဟင်းလင်းပြင်တစ်ခုလုံး
ဟာ...တာ...တာ...နဲ့ ......ပေါ့...

အသံရှည်ဆွဲပြီး အူနေတဲ့တောခွေးတွေကတောင်
ကျွန်တော့်ကိုလှောင်ရယ်နေကြပြီ
ချစ်သူပြန်မဲ့ရက်ကိုမျှော်ခဲ့တာ
လမင်းကသာဝင်ချီထွက်ချီလုပ်နေခဲ့တယ်......။

မုတ်သုန်လေနဲ့ နှင်းစက်တို့ ကသာခြုံလွှမ်းနေခဲ့
ရင်ထဲမှာတော့ ပူလောင်မူတွေက
တစ်စ....တစ်စ.....နဲ့ ....။

ကျွန်တော့်ရင်ထဲက အလွမ်းတွေကို
သီကုံးထားတယ်
လကွယ် အလွမ်းနဲ့ လပြည်အလွမ်း
အဲ့ဒီအလွမ်းတွေကိုပဲ
ရင်ဘတ်မှာချိတ်ဆွဲးထားတယ်
လမင်းနဲ့  ကြယ်စင်အသိ........။

လမင်းကြီးနဲ့ ကြယ်လေးတွေကသာ
အိပ်စက်သွားခဲ့ပြီ
ကျွန်တော်တစ်ယောက်ထဲ

ခေါင်း

ချိုး

ကျန်

ရစ်

နေခဲ့တာ

ဒီနေ့ ထိပေါ့...........



တိမ်ပြာ

၀၁.၁၁.၀၉